လှုပ်ရှားနေတဲ့ ပုလိုင်းပုံသဏ္ဍာန်ဟာ မီးကျောက်တစ်လုံး၊ သံမဏိချပ်ငယ်တခုနှင့် ကြက်တောင်ရိုးတခုကို ၀ါးဆစ်တခုထဲ ထည့်၍ အပေါက်ဖောက်ထားတဲ့ ပုလိုင်းဖင်မှ ချည်နှောင်ထားကာ အ၀တ်အစားဟောင်းများ ပတ်ချုပ်ထားပြီး တချိန်က ယွန်းလူမျိုး အုပ်ချုပ်စဉ် ကရင်နီဘုရင်အဖြစ် တင်မြှောက်ထားတဲ့ “ဖိုဒီးကရီး”ခေါ် နတ်ရုပ်ကြီးပဲ ဖြစ်ပါတယ်။
ဖိုဒီးကရီးနတ်ရုပ်က သုံးချက် တိတိကြမ်းပျဉ်ကို ခေါက်ချလိုက်တယ်။ “အရှင်သခင်အဘိုး ရောက်လာပြီ” လို့ ဖိုဒီးကရီးကို ကိုင်ထားခွင့်ရတဲ့ ရိုးသားဖြောင့်မတ်သူအဖြစ် ရွေးခြယ်ခံရသော အဘိုးက ပြောပါတယ်။
တချိန်တည်းမှာပဲ လူကြီးလူငယ်မရွေး တနယ်တခြားနယ်မြေမှာ နေထိုင်ကြတဲ့ ကရင်နီဒုက္ခသည်တွေဟာ မိမိတို့ဇာတိမွေးရပ်မြေမှ ထုံးတမ်းစဉ်လာဖြစ်ကြတဲ့ ရိုးရာဗုံမောင်းတီးသံများ၊ ရိုးရာအကများနှင့် မမေ့မလျော့နိုင်ကြဘဲ တီးမှုတ်ကခုန်နေကြသည်မှာ စခန်းတခုလုံး အဆက်မပြတ် မြည်တမ်းနေလို့ပါပဲ။
မြည်တမ်းနေတဲ့ တေးသံတွေကတော့ အထွတ်အမြတ် ထားကြသော ဖိုဒီးကရီးနှင့် ယွန်းလူမျိုးတွေကို တိုက်ထုတ်နိုင်ခဲ့ကြတဲ့ ကရင်နီမျိုးနွယ်စုသူရဲကောင်းတွေကို သတိရအောက်မေ့သောအားဖြင့် အထိမ်းအမှတ်အနေနဲ့ ကရင်နီလူမျိုးတွေ “ဒီးကူ” လို့ ခေါ်ဆိုကြတဲ့ပွဲ ကျင်းပနေကြခြင်းပဲ ဖြစ်ပါတယ်။
“ဒီးကူပွဲကို တနှစ်မှာတခါ အမြဲတမ်း လုပ်ပါတယ်” လို့ သာသနာနှင့် ယဉ်ကျေးမှုဌာနမှ ဒု-တာဝန်ခံ ဖြစ်တဲ့ ဦးစိုးရယ်က ပြောပါတယ်။
တချိန်က ကရင်နီလူမျိုးတို့ရဲ့ “ဖိုဒီးကရီး” အရှင်သခင်နတ်ကို ရိုင်းပျစွာ ဆက်ဆံခဲ့သော ယွန်းလူမျိုးများဟာ ၀မ်းပျက်ဝမ်းလျှော ဖြစ်ခဲ့ကြတယ်။ ဒီလိုအခြေအနေမှာပဲ ကရင်နီလူမျိုးတို့က “ဒီးကူ” ခေါ်သော ကိုင်းပင်တမျိုးရဲ့ အရွက်ဖြင့် ကောက်ညင်းကို ထုပ်ကာ ချည်နှောင်ချက်ပြုတ်ထားပြီး မပုပ်မသိုးပဲ ကြာရှည် အထားခံနိုင်အောင် ရိက္ခာအဖြစ် အသုံးပြုခဲ့ကြရင်း ယွန်းလူမျိုးတွေကို နေ့ရောညပါ အဆက်မပြတ် တိုက်ထုတ်နိုင်ခဲ့ကြပါတယ်။
ယွန်းလူမျိုးတို့ရဲ့ ဖိနှိပ်ကျွန်ပြုမှုအောက်က လွတ်မြောက်အောင် အဓိက ဦးဆောင်ခဲ့ကြတဲ့ ကယား၊ ကယန်းနှင့် ကယောတို့ကို ရည်စူးပြီး ယနေ့ထိတိုင် မမေ့နိုင်အောင် သုံးထောင့်ပုံသဏ္ဍာန် ကောက်ညင်းထုပ်ကို သုံးခုလျှင် တစည်းတည်းဖြစ်အောင် ချည်နှောင်ထားပါတယ်။ တစီးချင်းကိုလည်း နှီးဖြင့် စုပေါင်းတွဲကာ တစ်ရေနှစ်ရေ ခန်းတဲ့အထိ တညလုံး ပြုတ်ကြရပါတယ်။
“ကရင်နီအနွယ်စုများ ဥမကွဲတိုက်မပျက် သွေးစည်းညီညွတ်ရေးကို ပြသခြင်းပဲ” လို့ ဘာသာပေါင်းစုံကော်မတီ ဥက္ကဌ အဘိုးလော်ရယ်က ပြောပါတယ်။
ကရင်နီလူမျိုးများက စာပေဖြင့် လွတ်မြောက်သော ရက်ကို အတိအကျ ရေးမှတ်ထားခဲ့ခြင်း မရှိခဲ့ပါ။ ဒါကြောင့် ကရင်နီလူမျိုးတွေက ရပ်ခြားမြေခြားပဲ ရောက်သည်ဖြစ်စေ ယွန်းလူမျိုးတွေ အကုန်အစင် ဆုတ်ခွါသွားတဲ့ မိုးတွင်းကာလ စက်တင်ဘာလမှာ ဒီးကူပွဲကို ပြုလုပ်ကျင်းပလာခဲ့ကြတယ်။
ပွဲမှာတော့ ထမင်းနှင့် ကြက်၊ ၀က်များကို သတ်ပြီး ဟင်းလျာအဖြစ် ချက်စားကြကာ ခေါင်ရည်၊ အရက်တွေနဲ့လည်း ရောက်လာတဲ့ ဧည့်သည်တွေကို ကျွေးမွေးကြပါတယ်။
ဦးစွာ အိမ်ရှေ့ထရံနှင့် မီးဖိုဆောင်ထရံမှာ ချက်ပြုတ်ထားတဲ့ ဒီးကူ၊ ခေါင်ရည်များကို ကွယ်လွန်သွားပြီဖြစ်သော သူရဲကောင်းတွေ အဖိုးအဖွားတွေရဲ့ဝိညာဉ်ခေါ်ပြီး ပူဇော်ပသရပါတယ်။
“ကရင်နီမျိုးနွယ်စု အာဇာနည်တွေနဲ့ ဖိုးဒီးကရီးကို သတိရအောက်မေ့ဖို့ပါပဲ” လို့ အဘိုး ခူထဲဘူးဖဲက ပြောပါတယ်။
ပွဲတော်ကျင်းပပြီးတဲ့ အချိန်မှာတော့ ဖိုဒီးကရီးကို နှစ်စဉ်နှစ်တိုင်း ခေါ်လာခဲ့သော နေရာကနေ ပြန်ပို့ဖို့ ပုလိုင်းဖင်ကနေ ချည်နှောင်ထားတဲ့ အရာတွေ အားလုံးကို ပြန်ယူထားရပါတယ်။ ပြီးတော့ ခြင်းတောင်းငယ်ထဲမှာ ၀ါဂွမ်းစေ့နှင့် ဒီးကူတစည်းကို ဖိုဒီးကရီးအိမ်သို့ အိမ်တိုင်းမှ သွားရောက်ပို့ဆောင်စေခြင်းဖြင့် သူနဲ့အတူ ဖိုဒီးကရီးက မကောင်းဆိုးဝါးနတ်များကို အဝေးသို့ ပို့ဆောင်ပေးလိုက်ပါတယ်။
ဒီးကူပွဲတော်ဆိုတာဟာလည်း ကရင်နီလူမျိုးရေး ရှိနေသေးသ၍ ပပျောက်သွားမှာ မဟုတ်ဘူး။ ကိုယ့်ရဲ့ပွဲတော် ရိုးရာယဉ်ကျေးမှုကို ထိန်းတဲ့ အချိန်မှာ မကောင်းတဲ့ ယဉ်ကျေးမှုတွေ လည်ပတ်နေတဲ့ အဖွဲ့ရှိတဲ့အတွက်ကြောင့် တချို့ပြကွက်လေးတွေကတော့ ယဉ်ကျေးမှုနဲ့ ဆန့်ကျင်တာလေးတွေ တွေ့ရပါတယ်။
“ကောင်းမွန်တဲ့ ယဉ်ကျေးမှုကိုဘဲ သယ်သွားခိုင်းစေခြင်တယ်။” လို့ စခန်းဒု-လုံခြုံရေးမှူး ဦးသန်းအောင်က ပြောပါတယ်။
မိမိတို့ရဲ့ ရိုးရာဓလေ့ထုံးတမ်းစဉ်လာကို အခြားလူမျိုးသိရှိနားလည်အောင် ဖော်ထုတ်ပြသနိုင်ဖို့ လိုအပ်ပါတယ်။ မပြနိုင်ရင် တခြားလူမျိုးတို့ရဲ့ မထင်မဲ့မြင်ပြုခြင်း၊ လူမျိုးကြီးတွေရဲ့ ၀ါးမျိုမှုတွေ အောက်မှာ ပပျောက်သွားနိုင်ပါတယ်။
“ဘိုးဘွားစဉ်ဆက်က ပြုလုပ်လာခဲ့တဲ့ ရိုးရာဓလေ့ကို ထိန်းသိမ်းစောင့်ရှောက်တဲ့ အနေနဲ့ ဒီကူးပွဲကို ဘယ်တော့မှ မမေ့နိုင်ပါဘူး” လို့ အသက် ၂၀ ခန့်သာ ရှိသေးတဲ့ မော်ဇင်မေဦးက ပြောပါတယ်။
“ဒီးကူ” ပွဲဟာ ရိုးရာဓလေ့ထုံးစံပွဲတော် ဖြစ်သော်လည်း မမေ့နိုင်တဲ့ အရှင်သခင် “ဖိုဒီးကရီး”နဲ့ အမျိုးသား အာဇာနည်တွေရဲ့ အောင်ပွဲ အထိမ်းအမှတ်ပွဲတော် တရပ်ပင် ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။