Monday, April 4, 2011

ကယားအစ ကရင်နီက

“ဗမာက ကျနော်တို့ကို ကရင်နီကနေ ကယားလို့ ပြောင်းလဲခေါ်တာ ဘယ်သူက သွားသဘောတူရမှာလဲ။”
အေးမြလှတဲ့ ညချမ်းရာသီဥတုချိန်ခါကို အန်တုပြီး လွိုင်ကော်မြို့ရဲ့ ချိကယ်-ထျေးသမရွာ အနောက်ဘက်က ကန္ဒရ၀တီအားကစား ရေပြင်ထဲကို ၀င်ရောက်နိုင်ဖို့ အလုအယက် တန်းစီပြီး တိုးဝင်နေရတယ်။ နာရီဝက်ခန့်လောက် တိုးနေရလို့ အသက်ကိုတောင် မနည်းရှူနေရချိန်မှာတော့ ရေလှိုင်းလိုပါပဲ လူလှိုင်းနဲ့အတူ ပြည်နယ်အားကစားရုံထဲ ရောက်သွားခဲ့တယ်။
အထဲမှာတော့ တစ်သောင်းတန်၊ ခုနှစ်ထောင်တန် ဈေးသတ်မှတ်ထားတဲ့ နေရာတွေကို သံဆူးကြိုးတွေနဲ့ ၀ိုင်းရံထားပြီး၊ သံဆူးကြိုးနောက်ဘက်မှာက သုံးထောင်တန်လို့ သတ်မှတ်ထားတဲ့ နေရာအဆင့်အမျိုးမျိုးတွေမှာ လူတွေအပြည့် နေရာယူထားကြပါတယ်။
ကရင်နီပြည်က ကရင်နီတယောက်အနေနဲ့ လက်တွေ့ဘ၀မှာ မမြင်ဖူးသေးတဲ့ “(၅၈) ကြိမ်မြောက် ကယားပြည်နယ်နေ့နဲ့ Iron Cross” အမှတ်အသားလေးကို အံ့သြလောက်အောင် ငေးမောနေမိခဲ့တယ်။
တိုင်းရင်းသား လူငယ်မောင်မယ်တွေ မိမိတို့ရဲ့ ပြည်နယ်နေ့ကို ထာဝစဉ် အမှတ်ရနေစေအောင် နှစ်စဉ်နှစ်တိုင်း ယခုလို ဇန်န၀ါရီလ ၁၅ ရက်နေ့မှာ ရိုးရာယဉ်ကျေးမှု အကပဒေသာ၊ ရိုးရာဝတ်စားဆင်ယင်ထုံးဖွဲ့မှုပြိုင်ပွဲ၊ တူရိယာပြပွဲ စတာတွေကို ခြိမ့်ခြိမ့်သဲ ကခုန်ပျော်မြူးစွာ ကျင်းပလျက်ရှိခဲ့ကြတယ်။ ယခု ၂၀၁၀ ခုနှစ် ကျနော်တို့ရဲ့ ကယားပြည်နယ်နေ့ အခမ်းအနားပွဲတော်ကို ယခုလို အဆိုတော်နာမည်ကြီး IC နဲ့တွဲပြီး တစ်ခါမှ မကြုံတွေ့ခဲ့ရဖူးပါဘူး။
ဒီနှစ်ကျရောက်တဲ့ (၅၈) ကြိမ်မြောက် ကယားပြည်နယ်နေ့ဟာ IC ဖျော်ဖြေပွဲနဲ့ စည်ကားနေတယ်လို့ ဆိုရမှာပါ။ ပွဲရဲ့ မိန့်ခွန်းတွေမှာ ကရင်နီကို ကိုယ်စားပြုတဲ့ ရွာမိရွာဖ ခေါင်းဆောင်ကြီးတွေ မပါဘဲ စစ်တပ်ကသာ နေရာယူပြီး တပ်မတော် အကြောင်းအရာတွေကိုပဲ ၀ါဒဖြန့်ခဲ့ကြတယ်။
သမိုင်းကို လက်လှန်းမှီပြီး သက်ရှိထင်ရှားကျန်ရစ်နေကြသေးတဲ့ ခေါင်းဆောင်ပိုင်းတွေဆီက ပြန်လည်လေ့လာကြည့်တော့ ဒီပွဲဟာ “ကရင်နီကို ကယား” အဖြစ် ပြောင်းလဲလိုက်တဲ့ ပွဲတခု ဖြစ်နေပါတယ်။
၁၉၅၂ခုနှစ် မြန်မာပြည် လွတ်လပ်ရေးရပြီးတဲ့နောက်  ဗိုလ်ချုပ်ကြီးနေ၀င်း အာဏာသိမ်းယူတဲ့ အချိန်ကနေစပြီး ကရင်နီပြည်ကို ကယားပြည်အဖြစ် ပြောင်းလဲခေါ်ဝေါ် သတ်မှတ်မှုတွေ ပေါ်ပေါက်လာခဲ့ပါတယ်။
မြန်မာပြည် လွတ်လပ်ရေးမရခင်၊ စောဖြာတွေ အုပ်ချုပ်လာတဲ့ လက်ထက်ကတည်းက ကရင်နီပြည်ကို ကရင်နီပြည်လို့ အသိအမှတ်ပြုခေါ်ဆိုကြပြီး ပြည်နယ်တွင်းမှာ ရှိကြတဲ့ ကယား၊ ကယန်း၊ ကယော၊ မနူး၊မနှော၊ ယင်းဘော်၊ ယင်းသလဲစတဲ့ လူမျိုးစုတွေ အားလုံးကို ကိုယ်စားပြုပြီး ကရင်နီအမျိုးသားများဟုခေါ်ဆိုသတ်မှတ်ကြတာပါ။
“ကရင်နီဆိုတာ ရှေးကတည်းက သမိုင်းအရ ရှိတဲ့ စကားလုံး။ ကယားဆိုတာ ၁၉၅၂ ခုနှစ်မှ ဗမာပြည် လွတ်လပ်ရေး ရရှိပြီးတဲ့နောက် သူတို့ ခေါ်တာ။ ဗမာက ကျနော်တို့ကို ကရင်နီကနေ ကယားလို့ ပြောင်းလဲခေါ်တာ ဘယ်သူက သွားသဘောတူရမှာလဲ။ သူတို့က ကျနော်တို့ သမိုင်းကို ပျောက်ကွယ်သွားအောင် လုပ်ချင်တော့ ကယားလို့ ပြောင်းသွားတယ်။ ကျနော်တို့ သမိုင်းအရ အခုချိန်ထိ ကရင်နီလို့ ခေါ်လာတာ အဲဒီအတွက်ကြောင့်ပဲ ဖြစ်တယ်။ အခုချိန်ထိ တိုက်ခိုက်ကြတာလည်း အဲဒီအတွက်ကြောင့်ပဲ ဖြစ်တယ်လေ” လို့ စောဖျာမျိုးနွယ်ထဲမှ လက်ရှိ ကျန်ရစ်နေသေးတဲ့ ကရင်နီအမျိုးသားခေါင်းဆောင် ခူးထဲဘူးဖဲက ပြောပါတယ်။
“ဘာဖြစ်လို့ သဘောမတူသလဲဆိုတာ အခုဆိုရင် ခင်ဗျားတို့ ထိုင်းနိုင်ငံမှာ ထွက်ပြေးခိုလှုံနေရတယ် မဟုတ်လား။ ခင်ဗျားတို့ လာရောက်နေထိုင်နိုင်တာ ဘာအတွက်ကြောင့်လဲ ကရင်နီတော်လှန်ရေး အတွက်ကြောင့်ပဲလေ။ အဲဒါ ခင်ဗျားတို့ ရာဇ၀င်သမိုင်းကို သိဖို့ သင့်တယ်။ ကယားဆိုတာ ဗမာ ခေါ်တာလေ။ ကျနော်တို့ ကရင်နီတော်လှန်ရေးကို ပျက်ပြားအောင် လုပ်ချင်တယ်၊ ကျနော်တို့ ကရင်နီသမိုင်းကို ပျောက်ကွယ်သွားအောင် လုပ်ချင်တော့ ခေါ်တာပဲလေ။”
ကရင်နီကနေ ကယား ဖြစ်ပေါ်ခဲ့တဲ့ အကြောင်းအရင်းကို မြန်မာပြည်စစ်အစိုးရ အဆက်ဆက်ကို လက်နက်ကိုင်တဲ့ နည်းလမ်းနဲ့ နိုင်ငံရေးနည်းလမ်းတို့ဖြင့် အတူပူတွဲပြီး ဆက်လက်တော်လှန်တိုက်ခိုက်နေတဲ့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ ကေအဲန်ပီပီ ဥက္ကဌ ခူးထဲဘူးဖဲက ရှင်းပြသွားတာ ဖြစ်ပါတယ်။
ဆက်လက်ပြီး ကယားဒေး ဖြစ်ပေါ်လာခဲ့ရတဲ့ အဖြစ်မှန် သမိုင်းအကြောင်းအရင်းကို ထိုင်းနိုင်ငံမှာ ရှိနေတဲ့ ပြည်ထောင်စုတိုင်းရင်းသား ဒီမိုကရေစီအဖွဲ့ချုပ်-လွတ်မြောက်နယ်မြေ (ယူအဲန်အယ်လ်ဒီ)ရဲ့ ဥက္ကဌလည်းဖြစ် ဖယ်ခုံမြို့နယ် လွတ်တော်ကိုယ်စားလှယ်လဲဖြစ်တဲ့ ကယန်းအမျိုးသား ခွန်မားရ်ကိုဘန်းက ယခုလို ရှင်းပြပါတယ်။
“အရင်တုံးကဆိုရင် ကလူပွပွဲတော်ဆိုပြီးတော့ ဖားစည်ပွဲတော်ပေါ့လေ။ အဲဒါကျင်းပတာ ဖြစ်တယ်။ အဲ့ဒီလိုကျင်းပတာကနေပြီးတော့ ၁၉၄၇ ခု ဖွဲ့စည်းပုံမှာပေါ့လေ။ ဦးစိန်နဲ့ စောဝနကနေပြီးတော့ ဦးနုဆီကို သွားပြီးတော့ ကျနော့တို့ ကရင်နီပြည်ကိုလဲ ပြည်တောင်စုထဲမှာ ပြည်နယ်တခုအဖြစ် ထည့်ပေးပါလို့ တောင်းဆိုတယ်။ အဲလိုသွားတောင်းဆိုတော့ ဦးနုကနေပြီးတော့ တရားဥပဒေချုပ်က ဧည့်ဂမဟာစည်သူ ဦးမြင့်သိန်း ဖြစ်တယ်။ ကရင်နီပြည်ဟာ သီးခြားလွတ်လပ်တဲ့ပြည် ဖြစ်တယ်။ အခုက အုပ်ချုပ်တဲ့ စောဖျာရဲ့ သဘောထားလည်း မပါဘူး။ ကရင်နီပြည်သူလူထုရဲ့ သဘောထားလလည်း မပါဘူးဆိုရင် ထည့်လို့ မရဘူးဆိုပြီးတော့ ဥပဒေအရ ဦးမြင့်သိန်းက အဲ့လိုပြန်ဖြစ်တယ်။ အဲဒီနေ့ရက်က ဘာနေ့လဲဆိုတော့ ၁၉၄၇ ခု ဒီဇင်ဘာလ ၂၇ရက် ဖြစ်ပါတယ်။ ဦးနုကလဲ ထည့်ပေးလိုက်ပါ။ ပြဿနာဖြစ်စရာ အကြောင်းမရှိဘူး ဆိုပြီးတော့ ထည့်ပေးလိုက်တယ် ဆိုပြီးတော့ အတိအကျ ဧည့်ဂမဟာစည်သူ ဦးမြင့်သိန်းရဲ့ ကိုယ်တိုင်လက်ရေးနဲ့ အတိအကျ ဖေါ်ပြထားတာရှိပါတယ်။ ၁၉၄၈ခု ဖေဖေါ်ဝါရီလ လွတ်လတ်ရေးရတဲ့ အချိန်မှာ ကရင်နီက အလိုအလောက် အဲဒီပြည်ထောင်စုမြန်မာနိုင်ငံထဲမှာ ပြည်နည်တခုအဖြစ် ပါလာတာ။ အဲဒါကြောင့် ဒီကနေပြီး ဘယ်လိုလုပ်လိုက်လဲဆိုတော့ အရင်တုံးက ကလူပွဲတော်ကျင်းပလာတဲ့ ကနေပြီးတော့ ကယားဒေးဆိုပြီးတော့ ကယားရဲ့ အမျိုးသားနေ့ဆိုပြီးတော့ အဲလိုရှိအဓိပ္ပါယ် ဖြစ်ပါတယ်။”

No comments:

Post a Comment