Saturday, July 16, 2011

ဆိုတရှား (သို့မဟုတ်) မိဘထက် လေးမြတ်တဲ့ သခင်

“ဆိုတရှား” လို့ ဆိုလိုက်ရင် ကရင်နီပြည် သံလွင်အရှေ့ဘက်ကမ်းက ကရင်နီလူမျိုးတွေ မသိသူ၊ မကြားဖူးသူ မရှိသလောက်ပါဘဲ။ ဆိုတရှားဟာ ကရင်နီပြည် သံလွင်အရှေ့ဘက်ကမ်းက အမြင့်ဆုံးတောင်ဖြစ်ပါတယ်။ ပင်လယ်ရေမျက်နှာပြင် အမြင့်ပေပေါင်း သုံးထောင်ကျော်ရှိတဲ့ တောင်ဟာ ဆင်ပုံသဏ္ဌကဲ့သို့ ထင်ရှားတဲ့အတွက် ဒေသခံတို့က ဆိုတရှားကို “ဆင်တောင်” လို့ တင်စားခေါ်ဝေါ်ထားကြတာပါ။ ဆိုတရှားတောင်ဟာ သံလွင်အရှေ့ဘက်ကမ်းမှာ အကြီးဆုံး၊ အမြင့်ဆုံးဖြစ်တဲ့ အချက်တစ်ခုထဲနဲ့ နာမည်ကြီးနေတာ မဟုတ်ပါဘူး။ ဆိုတရှား တောင်သွယ်တန်းသွားတဲ့ တောင်ကြောတလျှောက်က ဒေသခံပြည်သူတွေရဲ့ အသက်မွေးဝမ်းကျောင်းကို စောင့်ရှောက်တော်မူတယ်ဆိုတဲ့ ယုံကြည်မှုက အစဉ်အလာတစ်ခုလို ဖြစ်နေတာကလည်း နှစ်ပေါင်းများစွာ ကတည်းကပါ။
ဒေသခံတို့က နှစ်စဉ်နှစ်တိုင်းလိုလို ဆိုတရှား တောင်ထိပ်ပေါ်ကို ဘုံမောင်းတွေတီးပြီး တက်ကြပါတယ်။ ဦးဦးဖြားဖြားပါလာတဲ့ မုန့်ပဲသရေစာ၊ အသားငါးတွေနဲ့ တောင်စောင့်နတ်ကို ပူဇော်ပသကြပါတယ်။
ပြည်တွင်းမှာ စစ်ရေးပဋိပက္ခတွေ ဖြစ်ပွားတဲ့အတွက် နယ်တစ်ပါးတိုင်းတစ်ပါးသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ကြရတဲ့ ဒေသခံတွေဟာ ဆိုတရှားတောင်ကို နှစ်စဉ်နှစ်တိုင်းလိုလို ပူဇော်ပသလို့ မရကြတော့ပါဘူး။ ဒါပေမယ့် အကြောင်းကြောင်းကြောင့် ၁၉၉၅ ခုနှစ်ကစပြီး နယ်တစ်ပါးကို ရောက်သွားခဲ့ကြတဲ့ ဒေသခံတွေက တစ်နှစ်တစ်ခါ ပူဇော်မယ့်အစား သုံးနှစ်တစ်ခါ တောင်တက်ပြီး ရိုးရာပူဇော်ပွဲတွေ လုပ်ပေးဖို့ သတ်မှတ်လာကြရပါတယ်။
ဆိုတရှားတွင် ပူဇော်ပသရန် စီစဉ်နေကြစဉ် (ဓါတ်ပုံ-ယွီရယ်)
ဆိုတရှားတွင် ပူဇော်ပသရန် စီစဉ်နေကြစဉ် (ဓါတ်ပုံ-ယွီရယ်)
ယခု ၂၀၁၁ ခုနှစ်မှာ ဆိုတရှားတောင်ကို ပူဇော်ပသဖို့အချိန် ပြန်လည်ကြရောက်လာပါပြီ။ ဒီတစ်ခေါက် တောင်တက်ပူဇော်ပွဲဟာလည်း ခါတိုင်းနှစ်တွေလိုပဲ မြေမြုပ်မိုင်းနဲ့ မြန်မာအစိုးရ စစ်တပ်တွေလှုပ်ရှားနေတဲ့ စစ်မြေပြင်ကြီးကို ဖြတ်ကျော်သွားမှာမို့ အန္တရာယ်ကြီးမားတဲ့အတွက် ကလေးနဲ့ အမျိုးသမီးတွေမပါဘဲ အမျိုးသားတွေဘဲ သွားကြပါတယ်။
ကြက်၊ ၀က်နဲ့ တခြားလှူတန်းရမယ့် ပစ္စည်းတွေနဲ့အတူ အယောက် ၆၀ လောက်ရှိတဲ့လူစုဟာ ၂၀၁၁ ခုနှစ် မေလ ၂၆ ရက်နေ့ကစပြီး ထိုင်း-မြန်မာနယ်စပ်တစ်နေရာကနေ ဆိုတရှားရှိရာသို့ ခရီးစတင်ခဲ့ကြပါတယ်။ အဲဒီလူအုပ်အတွက် ဆိုတရှားမြို့နယ်တပ်က လမ်းလုံခြုံရေး ယူပေးဖို့ တပ်ခွဲတစ်ခွဲခန့် လိုက်ပါသွားကြရပါတယ်။
လူအုပ်ကြီးကို လုံခြုံရေးယူပေးတဲ့ ဆိုတရှားမြို့နယ်တပ်မှ တပ်မှူးယေရှုက စစ်တပ်အသုံးပြုတဲ့လမ်းကို ဖြတ်သွားပြီးတဲ့နောက်မှာတော့ ယခုလို ပြောပြပါတယ်။
“သူတို့ (မြန်မာအစိုးရတပ်) အဲဒီလမ်းကို အသုံးပြုပါတယ်။ ချောင်းနားကလမ်းပေါ့။ အဲဒီလမ်းကို သူတို့အမြဲတန်းလိုလို အသုံးပြုတဲ့အတွက် အခုလိုကျနော်တို့ သူတို့လမ်းကိုဖြတ်သွားရတဲ့အခါမှာ အန္တရာယ်ပိုများပါတယ်။”
နယ်စပ်ကနေ ဆိုတရှား တောင်ထိပ်သို့ရောက်အောင် နှစ်ရက်လောက်အချိန်ပေးပြီး သွားရပါတယ်။ လုံခြုံရေးက အဓိကဖြစ်တဲ့အတွက် သွားလာရေးမှာ နှောင့်နှေးမှုတွေရှိတတ်ပါတယ်။
မြေမြုပ်မိုင်းတွေကြားမှာလည်း ဖြတ်ကျော်သွားရသလို စစ်တပ်တွေအသုံးပြုတဲ့လမ်းကိုလည်း နှစ်ခုလောက်ဖြတ်ကျော်ခဲ့ကြရပါတယ်။ ဒီလိုအန္တရာယ်များတဲ့လမ်းမှာ အသက်တွေစွန့်ပြီး သွားရတဲ့ အတွက် ဒီဆိုတရှားပူဇော်ပွဲဟာ ဒေသခံထူထုတွေအတွက် ဘယ်လောက်အထိ အရေးကြီးနေလဲ ဆိုတာနဲ့ပတ်သက်ပြီး ပူဇော်ပွဲဖြစ်မြောက်ရေးအတွက် ဦးဆောင်ဦးရွက်လုပ်ပေးနေတဲ့ အဖိုးငါးရယ်ကို မေးကြည့်ရာမှာ ယခုလိုရှင်းပြပါတယ်။
“ဒါဟာ ကျနော်တို့ ဖိုးဘွားဘီဘင်တွေ ခေတ်ကတည်းက လုပ်လာခဲ့တဲ့အစဉ်အလာပါ။ ဒါကြောင့် ကျနော်တို့ လုပ်ရတာပါ။ ကျနော်တို့အခုလို အသက်ရှင်ရပ်တည်နေနိုင်တာ ဒီတောင် (ဆိုတရှား)ရဲ့ အရှင်သခင်ကြောင့် ဖြစ်တယ်။ ဒီအရှင်သခင်ဟာ ကျနော်တို့ မိဘတွေထက်တောင် အလေးအမြတ် ထားရပါတယ်။”
ဆိုတရှား တောင်ထိပ်ထိရောက်အောင် သုံးနာရီကျော်ကျော်လောက် မနားတမ်းတက်ရပါတယ်။ တောင်ထိပ်မှာ ရေနဲ့စားစရာဘာမှ အဆင်သင့်မရှိပါဘူး။ သွားရောက်ပူဇော်တဲ့သူတွေက ရေတို့ရိက္ခာတို့ကိုပါ သယ်ယူသွားကြရပါတယ်။
မောမောနဲ့ တောင်တက်လာရတဲ့သူတွေအတွက် တောင်ထိပ်ရောက်သွားရင် ချက်ချင်းကို အမောပြေသွားတဲ့ အရာတစ်ခုကတော့ ဆိုတရှားထိပ်မှ တွေမြင်ရတဲ့ အလှပန်းချီတွေပါဘဲ။ ဆိုတရှားရဲ့တောင်ထိပ်ကနေ အရှေ့ဘက်ကိုကြည့်ရင် ထိုင်းနိုင်ငံမယ်ဟောင်ဆောင်မြို့ကို မြင်တွေ့ရသလို အနောက်ဘက်ကိုကြည့်လိုက်ရင်လည်း ကျေးလက်တောရွာတွေကို မြင်တွေ့ရပါတယ်။ ညနေခင်း နေ၀င်ဆည်းဆာအချိန်မှာဆိုရင် ဆိုတရှားထိပ်မှ မြင်တွေ့ရတဲ့ ရှုခင်းအလှဟာ မျက်စိထဲမှာ မပျောက်ကွယ်နိုင်လောက်အောင်ဘဲ ထင်ကျန်နေတတ်ပါတယ်။
ခါတိုင်းနှစ်ပူဇော်ပွဲတွေကြတော့ တောင်စောင့်နတ်စဉ်ပေါ်မှာ အထွတ်အထိပ်ထားတဲ့ စားစရာသောက်စရာတွေနဲ့ဘဲ ပူဇော်ပါတယ်။ အခု ၂၀၁၁ ခုနှစ်မှာတော့ ကေးထျိုးဘိုးလို့ခေါ်တဲ့ တံခွန်တိုင်ထူပြီး ပူဇော်ကြပါတယ်။
ဆိုတရှားလို တောင်စောင့်နတ်၊ တောစောင့်နတ်၊ မြစ်ချောင်းရေစောင့်နတ်နဲ့ မြေကြီးစောင့်နတ်တို့ကို ပူဇော်တဲ့အစဉ်အလာဟာ ကရင်နီအမျိုးသားတို့က ဘိုးစဉ်ဘောင်ဆက်လက်ထက် ကတည်းက ယုံကြည်မှုအပြည့်အ၀နဲ့ ကျင့်သုံးလာခဲ့ကြတာပါ။
သက်ရှိလူသားတွေဟာ တောတောင်သဘာဝနဲ့ အမှီသဟဲပြုနိုင်ခြင်းကြောင့်သာ အသက်ရှင် နေထိုင်နိုင်ကြရတယ်ဆိုတာကို လက်ခံယုံကြည်ကြပါတယ်။ ဒါကြောင့် တောတောင်သဘာဝရဲ့ အကျိုးကျေးဇူး၊ တောတောင်စောင့်အရှင်သခင်တို့ရဲ့ ကူညီစောင့်ရှောက်မှုတို့ကို ကျေးဇူးဆပ်တဲ့အနေနဲ့ ယခုလိုပူဇော်ပွဲတွေ ပြုလုပ်လာကြတာပါ။  
နှစ်ကာလတွေကြာလာတာနဲ့အမျှ တောတောင်သဘာဝတွေကလည်း ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာပါတယ်။ ဒေသခံတွေကြောင့် တောတောင်တွေရဲ့ ပျက်စီးဆုံးရှုံးမှုတို့ဟာ ပြန်လည်အစားထိုးလို့ရတဲ့ အခွင့်အလမ်းနဲ့ နည်းလမ်းတွေရှိတတ်တယ် ဆိုပေမယ့်လို့ မဟာစီမံကိန်းတွေဝင်လာရင်တော့ ပြန်လည်အစားထိုးလို့ မရတော့တဲ့အခြေအနေတွေအပြင် ဒေသခံတို့မှ နှစ်ပေါင်းများစွာ အားကိုးအားထားပြုလာတဲ့ စားကျက်မြေတွေ လုံးဝပျောက်ပျယ်သွားနိုင်တဲ့ အခြေအနေသို့ ရောက်သွားနိုင်ပါတယ်။
ဆိုတရှားကနေ လှမ်းကြည့်လိုက်ရင် ရင်ကိုအေးမြစေတဲ့ ရှုခင်းတွေတွေ့နေရတယ် (ဓါတ်ပုံ-ယွီရယ်)
ဆိုတရှားကနေ လှမ်းကြည့်လိုက်ရင် ရင်ကိုအေးမြစေတဲ့ ရှုခင်းတွေမြင်နေရတယ် (ဓါတ်ပုံ-ယွီရယ်)
ဥပမာ… ကရင်နီပြည်မှာ ရေကာတာ တည်ဆောက်တဲ့စီမံကိန်းတွေ တဖြည်းဖြည်း တိုးချဲ့လာတာတွေ ရှိနေပါတယ်။ ဒီစီမံကိန်းတို့ကြောင့် ဒေသခံတွေ ပိုင်ဆိုင်ထားတဲ့ တောတောင် အမွေအနှစ်တွေဟာ ဘယ်လောက်အတိုင်းအတာထိ ပျက်စီးဆုံးရှုံးမလဲဆိုတာကိုတော့ ဒေသခံတွေ အနေနဲ့ မလိုက်မှီပေမယ့်လို့ ဒီစီမံကိန်းတွေဟာ သူတို့ကိုခြိမ်းခြောက်နေတာကိုတော့ သိကြတယ်။
“ဒီနေ့ဒီအချိန်မှာ တခြားဒေသကသူတွေ ကျနော်တို့ဒေသခံတွေကို မလေးစားကြဘူး။ ကျနော်တို့ပိုင်ဆိုင်တဲ့ အရာမှန်သမျှ အင်အားသုံးပြီး သိမ်းပိုက်ကြတယ်။ သူတို့လိုချင်တဲ့အတိုင်း ဖန်တီးလုပ်ဆောင်နေကြတယ်။ ကျနော်တို့ ဒေသခံတွေကို တိုက်ခိုက်တယ်။ ကျနော်တို့ရဲ့ဘ၀ကို ဖျက်ဆီးတယ်။ ဒါကြောင့် တခြားဒေသက နိုင်ငံခြားသားတွေ ကျနော်တို့ နေတဲ့နေရာမှာ ရေကာတာတွေလာမလုပ်ဖို့ ကျနော်ကြက်ရိုးထိုးပြီး တောစောင့်တောင်စောင့်အရှင်သခင်တို့ကို အသနားခံထားတယ်။ အခုလိုကျနော်တို့ ဆိုတရှားမှာ ပူဇော်ပွဲအတွက် အသွားအပြန်လမ်းခရီး တလျှောက်မှာ အန္တရာယ်တွေနဲ့ကင်းဖို့ ဆုတောင်းထားပါတယ်။”
အဖိုးလဲရယ်က ဆိုတရှားပူဇော်ပွဲမှာ ဆုတောင်းခဲ့တဲ့အရာတွေကို ပြန်လည်ပြောပြနေတာပါ။
“အရာရာကို စွန့်လွတ်ခံ၊ ရင်းနှီးခံပြီးတော့မှ ကျနော်တို့ဒီအစဉ်အလာကို ယုံကြည်ကျင့်သုံးနေရတဲ့ အကြောင်းအရင်းကတော့ တောစောင့် တောင်စောင့်အရှင်သခင်တို့မှ ကျနော်တို့ကို ကူညီစောင့်ရှောက်ဖို့ဘဲဖြစ်တယ်။”
တောစောင့်နတ်တောင်စောင့်နတ်တို့ကို ပူဇော်ပသတဲ့ အစဉ်အလာဟာ မယုံကြည်သူတွေကတော့ “နတ်စား” animist လို့ ဘောင်ခတ်သတ်မှတ်မှုတွေလည်း ကရင်နီလူမှု အသိုင်းအ၀ိုင်းတို့ကြားမှာ ရှိခဲ့ပါတယ်။ ကရင်နီပြည်မှာ ဘာသာရေး mission တွေကြောင့် ဘိုးဘွားအစဉ်အလာ လက်ထက်ကတည်းက ယုံကြည်ကျင့်သုံးလာခဲ့ကြတဲ့ ရိုးရာယုံကြည်မှု အစဉ်အလာတွေ တဖြည်းဖြည်း မှေးမှိန်လာတာတွေလည်း ရှိခဲ့ပါတယ်။
အခုဆိုရင် ဆိုတရှားရဲ့ အရိပ်အောက်မှာ အမှီသဟဲပြုပြီး နေထိုင်ကြတဲ့ လူပေါင်းများစွာ တို့ဟာလည်း နိုင်ငံရေး ပဋိပက္ခတို့ကြောင့် ဆိုတရှားနဲ့တရွှေ့ရွှေ့ ဝေးသွားခဲ့ရတဲ့ အခြေအနေတွေလည်း ရှိလာတဲ့အတွက် ဆိုတရှားကို ပူဇော်တဲ့အစဉ်အလာဟာလည်းပဲ လာမယ့် အနာဂတ်မှာ ဆက်ရှိနေနိုင်ဦးပါ့မလား ဆိုတာကိုတော့ပြောရခက်၊ ခန့်မှန်းရခက်ပါတယ်။
ဒါပေမဲ့ အဖိုး ငါးရယ်ကတော့…
“ကျနော်သေသွားခဲ့လို့ရှိရင်တော့ မပြောတတ်ဘူး။ ဒါပေမယ့် ကျနော်မသေသေးသ၍ ဒီ(ဆိုတရှားပူဇော်ပွဲ) အစဉ်အလာကို ဆက်လုပ်မယ်။ အဝေးရောက်နေတဲ့ သူတွေအတွက်တော့ သူတို့အကြောင်းပြချက်နဲ့ သူတို့ပေါ့။ ကျနော်ကတော့ ဘယ်တော့မှ ဝေးမှာမဟုတ်ဘူး။ ကျနော်တို့ဆက်လုပ်မှာဘဲ နောက်ပြီး ဒီအစဉ်အလာကို နောင်လာနောက်သားတွေကိုလည်း လက်ဆင့်ကမ်းပေးရမှာဘဲ။”

သားသမီးလက်ထက်မှာ ကရင်နီအမျိုးသား လက္ခဏာတွေ မပျောက်သွားရလေအောင်

အသက် ၄၅ နှစ် ရှိပြီ ဖြစ်တဲ့ ဆရာကူးရယ်ဟာ ၁၉၉၁ ခုနှစ်က ကရင်နီစာ ပြန့်ပွားရေးအတွက် တော်လှန်ရေး နယ်မြေကနေ ပြည်တွင်းကို ၀င်ပြီး ကျောင်းဆရာအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ လုထုကြားမှာ ကရင်နီစာကို မြန်မာစစ်တပ်တွေ မမြင်မသိအောင် တိတ်တိတ်ပုန်းသင်ကြားခဲ့ရပါတယ်။ ဒီကြားထဲ စစ်တပ်ရဲ့ ဖမ်းဆီးနှိပ်စက်မှုကို ခံခဲ့ရပါသေးတယ်။ အခု ဆရာကူးရယ်တစ်ယောက် မိသားစုနဲ့အတူ နယူးဇီလန်နိုင်ငံကို ရောက်သွားခဲ့ပါပြီ။ ကရင်နီမှာ ကိုယ့်အမျိုးသားအတွက် စာသင်ကြားခွင့် မရှိပေမယ့် နိုင်ငံရပ်ခြားမှာ မိမိတတ်နိုင်သလောက် တတ်နိုင်တဲ့ဖက်ကနေ ကရင်နီစာ မပျောက်ကွယ်သွားဖို့ ကြိုးပမ်းမယ်လို့ ဆိုပါတယ်။
ကရင်နီဘာသာပြ ကျောင်းဆရာတစ်ယောက် အနေနဲ့ စစ်အစိုးရလက်ထက်က ကရင်နီစာပေ သင်ကြားပို့ချခဲ့ရာမှာ ဘယ်လိုအခက်အခဲ အတွေ့အကြုံတွေကို ကျော်ဖြတ်ခဲ့ရသလဲ ဆိုတာနဲ့ ပတ်သက်ပြီး ကန္တာရ၀တီတိုင်း(မ်)မှ ဆက်သွယ်မေးမြန်းထားပါတယ်။
ကေတီ -  မင်္ဂလာပါဆရာ… ဆရာကြီး ထဲဘူးဖဲ တီထွင်ထားတဲ့ ကရင်နီစာနဲ့ ပတ်သက်ပြီး ဆရာနဲ့ အင်တာဗျူး လုပ်ချင်ပါတယ်။ ဆရာ ဒီကရင်နီစာကို ဘယ်တုန်းက စတင်ပြီး သင်ယူခဲ့ရလဲ ဆိုတဲ့ နောက်ကြောင်းလေး နည်းနည်းပြောပြပေးပါလား။
နယူးဇီလန်သို့ အခြေချနေထိုင်သွားတဲ့ ဆရာကူးရယ်
နယူးဇီလန်သို့ အခြေချနေထိုင်သွားတဲ့ ဆရာကူးရယ်
ဆရာကူးရယ် -  ၁၉၇၃ ခုနှစ် ဒေါတခဲကျေးရွာမှာ သင်ယူခဲ့တယ်။ အဓိက ကျနော် ကရင်နီစာ သင်ကြားပေးတဲ့ (၃) ဦးက ပထမ ဆရာကျော်သန်း၊ ဆရာ ဗိုလ်မှူး အောင်မြတ်၊ ဆရာ ဖဲဘူးလော်တို့ပေါလေ။ ကရင်နီစာကို ၈ တန်းအထိ သင်ယူခဲ့တယ်။ အဲဒီ အချိန်တုန်းက အခြေအနေအရပေါ့လေ။ ကရင်နီမှာက ၈ တန်းအထိပဲ ကျောင်းဖွင့်လှစ်နိုင်သေးတယ်လို့ ပြောရမှာပေါ့။ ကရင်နီ ကျောင်းဆက်တက်ချင်ရင်တော့ ကော်သူ့လေ (ကရင်ပြည်) ဖက်သွားရတာပေါ့။ မိဘတွေလည်း မထောက်ပံ့ပေးနိုင်ဘူး။ စိတ်အားငယ်တာလည်း ပါတာပေါ့။ နောက်ပြီး ထောက်ပေးမယ့်သူလည်း မရှိတော့လေ ကျောင်းအဲလောက်ပဲ ပြီးသွားတယ်။
ကေတီ  - အစိုးရသစ် တက်လာတော့ ဆရာကြီး ထဲဘူးဖဲ တီထွင်ထားတဲ့ ဗျည်းအက္ခရာကို တရားမ၀င်ဘူး။ ပြည်တွင်းမှာလည်း အသုံးပြုခွင့် မပေးတာလည်းပဲ ကြာခဲ့ပြီ။ ဒါပေမယ့် ဗမာ ဗျည်းအက္ခရာနဲ့ တီထွင်ထားတဲ့ စာကိုတော့ တရားဝင် အသုံးပြုခွင့် ပေးမယ်လို့ ပြောပါတယ်။ နောက်တစ်ချက်က တက်လာတဲ့ ကယားပြည်နယ် ၀န်ကြီးအသီးသီးကလည်း အဲဒီစာကိုပဲ သုံးရမယ်။ သူပုန်စာ မသုံးရဘူးတဲ့။ အဲဒီပေါ်မှာ ဆရာ့ရဲ့ အမြင်လေးကို သိချင်ပါတယ်ခင်ဗျ။
ဆရာကူးရယ် -  ဒီဆရာကြီး ထဲဘူးဖဲ ထွင်ထားတဲ့ ကရင်နီဗျည်းအက္ခရာ စာပေကို ကရင်နီလူမျိုးတွေ ဒီစာပေကို စိတ်မ၀င်စားသည်ဖြစ်စေ၊ စိတ်အားထက်သန်နေတဲ့ သူတွေဖြစ်စေ ဤစာပေကို ဆုပ်ကိုင်ထားလို့ ရပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီစာကို ကရင်နီပြည် တစ်ပြည်လုံး မသုံးနိုင်သေးဘူး၊ အသုံးပြုခွင့် မပေးသေးဘူး ဆိုပေမယ့် ဒီစာပေက သမိုင်းနဲ့ သက်ဆိုင်တယ်လေ။ သမိုင်းအရ ဆိုထားတာက ကရင်နီပြည်သည် သီးခြားလွတ်လပ်သော ပြည်တစ်ပြည် ဖြစ်သည်လို့ ဆိုထားပါတယ်။ အဲတော့ သီးခြားသော စာပေဗျည်းအက္ခရာလည်း ရှိရမယ်။ လူမျိုးရဲ့ ဘာသာစကားအတွက်လည်း အသံထွက် မှန်ကန်ရပါမယ်၊ အသံထွက် မ၀ဲရဘူး။ အကယ်၍ ဗမာဗျည်း အက္ခရာနဲ့  အသုံးပြုမယ်ဆိုရင် ကယောအတွက် အခက်အခဲ တွေ့မယ်။ ကယန်း(ပဒေါင်) ဘာသာစကားလည်း အသံ ခက်ခဲမယ်။ အသံထွက်တွေ ၀ဲကုန်မယ်၊ မပီပြင်တော့ဘူး။ သူတို့ ကို ဒီစကားပဲပြော၊ ဒီဘာသာပဲပြော ဖိအားပေးပြောခိုင်းလို့ မရဘူး။ အဓိက ဒီမျိုးနွယ်စုတွေအတွက်က ဆရာကြီး ထဲဘူးဖဲ  ထွင်ထားတဲ့စာနဲ့ ပိုပြီး ကိုက်ညီပါတယ်။ ဥဗမာ  ကယောက - အိုဝအို နောက် ပဒေါင်က - တရာ၊ တို၊ တိုး။ အိုး အသံမထွက်ဘူး။ ဗမာအက္ခရာဖြင့် အသံမထွက်နိုင်တာတွေ ရှိတယ်။ လူမျိုးစု တစ်စုချင်းစီရဲ့ ကိုယ်ပိုင် စစ်မှန်တဲ့ အသံကို အသံထွက်နိုင်ဖို့ပါပဲ၊ အဲဒါက စာပေနဲ့ ပတ်သက်တာပေါ့။ ဆရာကြီးထဲဘူးဖဲ ရှင်းပြချက်အရဆို အရေးကြီးဆုံးက မျိုးနွယ်စုရဲ့ ဘာသာစကားသံ မပပျောက်ဖို့။ ကျနော်တို့ လူမျိုးစုတွေ ကိုယ်ပိုင် အသံထွက် အစစ်အမှန် ထွက်နိုင်ဖို့ပါပဲ။ တတိုင်းတပြည်လုံး အတိုင်းအတာတော့ ဖြစ်နိုင်ခြေ မရှိသေးဘူးပေါ့နော်။
ကေတီ - ဆရာကြီး ထဲဘူးဖဲ ထွင်ထားတဲ့ စာကို ကျနော်တို့  မျိုးနွယ်စုတွေ ဖြစ်တဲ့ ကယောတို့၊ ကယန်းတို့ကော အခုချိန်မှာ ဘာဖြစ်လို့ အသုံးမပြုနိုင်သေးတာလဲ။ အဲဒီအကြောင်းကို နည်းနည်းလောက်ရှင်းပြပေးပါဗျ။
ဆရာကူးရယ် -  လက်ရှိမှာတော့ အသုံးမပြုသေးဘူး။ ဘာကြောင့်လဲဆိုတော့ တော်လှန်ရေး အဖွဲ့အစည်းကို အယုံအကြည် သိပ်မရှိသေးဘူးလို့ ပြောရမှာပေါ့။ တော်လှန်ရေး အောင်မြင်မှု မတွေ့ရသေးကြတော့လေ အထင်မြင်သေးမှာပေါ့။ နောက် တကယ့် အနက်အဓိပ္ပါယ် ကောင်းကောင်း မပေါက်သေးဘူး။ အကယ်၍ ဒီတော်လှန်ရေးမှာ နေထိုင်လာတဲ့ ကယန်း (ပဒေါင်)တွေ ရေရှည်အတွက် စဉ်းစားတွေးခေါ်နိုင်မယ် ဆိုရင်တော့ သူတို့ရဲ့ ကိုယ်ပိုင်အသံထွက်ကို ကောင်းကောင်း အသုံးပြုနိုင်ပါတယ်။ နောက်အယုံအကြည် နည်းတာ တစ်ခုက သွေးခွဲစာပေပဲ၊ တော်လှန်ရေးစာပေပဲ၊ အဲလိုအပြောမျိုးတွေ ကြားမှာ စိတ်ဇဝေဇ၀ါ ဖြစ်ကြတာပေါ့။
ကေတီ  - ဆရာဆိုလိုတာက ဆရာကြီးထဲဘူးဖဲ တီထွင်ထားတဲ့စာဟာ  ကရင်နီမျိုးနွယ်စုတွေ ဖြစ်တဲ့ ကယောတို့၊ ကယန်းတို့ အနေနဲ့လည်း သူတို့ အသံထွက်နဲ့ သူတို့ မှန်ကန်စွာ အသုံးပြုနိုင်တယ်ဆိုတဲ့ သဘောလားခင်ဗျ။
ဆရာကူးရယ်  - ဟုတ်ပါတယ်။ ဒီ ဗျည်းအက္ခရာက တစ်ခုတည်းသုံးမယ်။ ဒါပေမယ့် မျိုးနွယ်စု အသံထွက်ခြင်းက ကွဲမှာပေါ့နော်။ တခြားဖြစ်တဲ့ဗမာအက္ခရာတို့၊ အင်္ဂလိပ်  အက္ခရာတို့က အသံထွက်တာ မပီပြင်နိုင်ဘူးလေ။ အသံ မရှိဘူး။ ဥပမာတွေအများကြီး - ကျနော် ဒီရက်ကယောလို အသံထွက် ရေးတယ်ကွာ။ နက်ဖန်ပြန်ဖတ်လည်း အတူတူပဲ ထွက်တယ်။ နောက် ပဒေါင်လိုလည်း အသံထွက်  မှန်တယ်။ ဒါပေမယ့် ဗမာလို ရေးမယ်ဆိုရင် နက်ဖန်ဖတ်ကြည့်ရင် အသံထွက် ကသိကအောင့်ဖြစ်ကုန်တယ်။ လောလောဆယ် ကျနော်တို့ ကရင်နီ နိုင်ငံရေးအခြေအနေကြောင့် ယုံကြည်မှုက တော်တော့ကို အားနည်းနေသေးတယ်ပေါ့။
ကေတီ   -  ဆရာကြီးထဲဘူးဖဲ တီထွင်ထားတဲ့ ကရင်နီစာကို ပြည်တွင်းမှာ သွားရောက်သင်ကြားခဲ့တုန်းက ဗမာစစ်သားတွေ ဆရာ့ကို ဖမ်းမိပြီး ညှင်းပမ်းနှိပ်စက်ခဲ့ဖူးတယ်လို့ ဆရာကျနော်တို့ကို ကရင်နီစာသင်ပေးတုန်းက အခန်းထဲမှာ ပြောပြခဲ့ဖူးပါတယ်။ အဲဒီအကြောင်းကို ပြန်ပြောပြေပေးပါလားဆရာ…
ဆရာကူးရယ် -  ၁၉၉၀ ခုနှစ်တုန်းကပေါ့ ကျနော်တို့  စော်ယိုးလဲ (ထိုင်း-မြန်မာနယ်စပ်ရွာ)မှာ စာပေဌာနအဖွဲ့ဆိုတာရှိတယ်။ ဆရာကြီးတူရယ် ၀န်ကြီးတာဝန်ကိုင်တဲ့ခေတ်ပေါ့။ ၅ လပိုင်း၊ ၆ လပိုင်း လောက်မှာ စာပေလှုပ်ရှားမှုဆိုပြီးတော့ ကျနော်နဲ့ ဆရာဆော်ရယ် နှစ်ဦးကို အမှတ် (၂) ခရိုင်ဖက်  စေလွတ်သွားတယ်။ ကွခိရွာမှာ စာသွားသင်တယ်။ ဆရာဆော်ရယ်က ဘူးခူမှာ တာဝန်ကျတယ်။ အဲမှာက ၁၉၉၁ ခုနှစ် နှစ်လပိုင်းလောက်ရောက်သွားပြီး နအဖ စစ်ကြောင်းထိုးချိန်ဖြစ်နေတယ်၊
ကေတီ   -  ဟုတ်ကဲ့ ဆရာကို ဘယ်လိုလာဖမ်းသွားသလဲ။ စာသင်ခန်းထဲမှာ ကလေးတွေကို စာသင်ပေးနေတဲ့အချိန်လား ဒါမှမဟုတ် ညအချိန်မှာ လာပြီးဆွဲခေါ်သွားလား။ နည်းနည်းရှင်းပြပေးပါဆရာ။
ဆရာကူးရယ် -  အင်း ကျနော် ပြောပြပေးမယ်။ အဲဒီအချိန်တုန်းက နအဖ စစ်ကြောင်းနှစ်ကြောင်းထိုးတယ်၊ မော်ချီးဖက်က ခလရ ၅၄ တပ်ရင်း နောက် တပ်မ ၅၅ တပ်ရင်း တစ်ကြောင်းက သီးရီးဒေါ(လွိုင်ကော်)က တောင်ငူဖက် (ကယော၊ မနောဖက်) ကနေ ဆင်းလာတယ်။ သူတို့ ကွခိရွာရဲ့ အနောက်မြောက်ဖက်ရောက်နေတယ်။ ကရင်နီတပ်ကလည်း သူတို့နဲ့ တိုက်ခိုက်မှုရှိနေတယ်။ ကျနော်နဲ့ဆရာမတွေ နောက် ရွာသား(၇)ယောက် လောက်ပါမယ်ထင်တယ်၊ တောထဲမှာ သွားပုန်းနေတယ်။ အားလုံး ကလေးတွေအပါအ၀င် ၁၀ ယောက်ကျော်လောက် တောထဲမှာ သွားပုန်းနေကြတယ်။ နောက်တစ်မနက်ရောက်ရော နအဖ စစ်တပ်တွေက ကျနော်တို့အပေါ်ရောက်နေတယ် အဲဒါကိုမသိလိုက်ဘူး။ ကျနော်တို့အဲမှာ ရှိနေတာကိုသိတော့ ကျနော်တို့ကို အပေါ်ကနေ ၀ိုင်းဆင်းလာတယ်။ လူလွတ်က ကျနော်ပဲရှိတယ်။ တခြားက သက်ကြီးနဲ့ ကလေးတွေပဲရှိတယ်။ ကျနော့ကို ဦးဆုံးကြိုးတုပ်ဖမ်းတယ်။ ကလေးနဲ့တခြား မိန်းကလေးတွေကတော့ ကြိုးမတုပ်ဘူး။ ကျနော်နဲ့  ဆရာမ အဖေတစ်ယောက်ကတော့ ကြိုးနဲ့တုပ်တယ်။ ကျနော့်ကိုမေးတယ်- မင်းကသူပုန်ပဲ ဒါမှမဟုတ်ရင်လည်း သူပုန်တွေကို လမ်းပြပေးတဲ့ လူပဲထင်တယ်။ ကျနော်က ကျောင်းဆရာပါ။ ဒီက တစ်ယောက်၊ နှစ်ယောက်လည်းကျောင်းဆရာမတွေ။- မင်း ဗမာစကား ဒီလောက် တောင်ပြောတတ်တာ မင်းကိုမယုံဘူး။ ကျနော်ဆီမှာ လက်နက်ရှိပေမယ့် ကြိုသိတော့ ၀ါးမော့ထဲမှာ ဖွက်သွင်းထားလိုက်တယ်။ ဒါပေမယ့် ကျနော် ကရင်နီစာသင်တာကို သူတို့မသိဘူး။ သိရင်တော့ အသတ်ခံရမှာပေါ့။ နောက်မေးသေးတယ် ဒီ ဘူးခူ၊ ကွခိရွာမှာ ကျောင်းဆရာ နှစ်ယောက် စာလာသင်တယ်။ သွေးခွဲစာပေတွေကို လာသင်ကြားတယ်လို့ ကြားရတယ်။ ဒါပေမယ့် ကျနော် ငြင်းလိုက်တယ်၊ နောက် သူတို့ကို ကျနော့ နာမည်အရင်း မပြောပြဘူး။ စောဒါနီအေးလာ ဆိုတဲ့နာမည်အတုနဲ့ ပြောလိုက်တယ်။ “ရယ်”(ကယားနာမည်အဆုံး)ပါရင် လည်လှီးခံရမှာ စိုးလို့။
ကျနော်ကို သူတို့ တပ်မှူးနဲ့  ခေါ်တွေ့တယ်၊ ကံကောင်းရှာတော့ သူတို့ ဗိုလ်က ကျောင်းဆရာဆိုတော့ ဘာမှ လုပ်စရာမလိုဘူးလို့ အမိန့်ပေးထားတယ်။ ထုထောင်းတာတော့ရှိတယ် ကျနော့ တင်ကို ကန်တာတို့တော့ ရှိတာပေါလေ။ တခါတလေ ပြန်ထလို့တောင်မရဘူး ကျနော့ကို ပြန်ထူတယ်။ ကြိုးနဲ့ တုပ်ထားတော့ တောင်ပေါ်ခေါ်တက်တာ ခဏခဏပြန်လိမ့်ကျတယ်။ အင်းတော်တော်လေး ပြင်းထန်တယ်။ ကျနော်ကို ကွခိ ရွာသွားပြခိုင်းတယ်။ နောက် ထိထာကော်ထိရွာကို ဆက်ပြခိုင်းတယ်။ သူတို့ တစ်ခုကျေနပ်သွားတာက လမ်းခုလပ် တောင်ယာခင်းတစ်နေရာမှာ တခါက ကရင်နီ စစ်လေ့ကျင့်ရေးသင်တန်းကွင်း နေရာဟောင်းကို တွေ့လိုက်ကြတော့ ကျနော်တို့ ဦးတည်ချက်က ဒါပဲ။ မင်းဒါကို တွေ့လားလို့ ကျနော့်ကို မေးတော့တွေ့တာပေါ့ လှမ်းမြင်နေတယ်လေ။ ဖွင့်တာကြာသွားပြီ။ ပြီးတာလည်း ကြာပြီလို့ ဖြေလိုက်တယ်။ အလံတိုင်ဟောင်းတွေတောင် ခုတ်ပစ်လိုက်တယ်။ ဒါတွေကြောင့် ကျနော်လည်း အသက်မပါတာလေ။ နောက်ပိုင်း တစ်လလောက် ကလေးတွေကို စာဆက်သင်တယ်။ နွေရာသီလောက်မှ ဒီဖက်ကို ပြန်ထွက်လာခဲ့တယ်။  
ကေတီ  - ကရင်နီစာကိုတော့ ပြောင်သင်လို့မရဘူးပေါ့နော့် အဲဒီမှာ…
ဆရာကူးရယ်  - ခိုးသင်ကြားတယ်လို့ ပြောနိုင်တာပေါ့ဗျား။ ဒီ ဒေသက တော်လှန်ရေးနယ်မြေဖြစ်တယ်လေ။ ဒါပေမယ့် တရားမ၀င် သင်ကြားတယ်လို့ပြောလို့ ရတာပေါ့နော်။ တွေ့ ခဲ့ရင် ဘယ်ရမှာတုန်း၊ ကျနော့်ကို ခေါ်သွားတာ  ၃ ရက် ၃ ညပေါ့ဗျား။ နောက်တခေါက်က ထိထာကော်ထိရွာမှာ ၀င်နေတယ်။ ကရင်နီက ၀င်တိုက်ခိုက်လိုက်တော့ သူတို့  တော်တော်နာတယ်ပြောရမှာပေါ့။ သူတို့ အကျအဆုံးများတယ်၊ ၁၂ ယောက်ကျဆုံးတယ်၊ ၂၄ ယောက်လား အဲလောက်ဒဏ်ရာရတယ်။ 
ကေတီ  - ဟုတ်ကဲ့ဆရာ စိတ်ဝင်စားစရာတွေဘဲ ဆရာ ကျန်တာလေးတွေ ဆက်ပြောပြပေးပါလား…
ဆရာကူးရယ် - နအဖတပ်က ပြန်သုံးသပ်မိတာ ဒီကောင် ငါတို့ကို ဒီရွာဝင်တိုက်ခိုက်ခိုင်းစေချင်လို့ ခေါ်ပြန်တာပဲဖြစ်နိုင်တယ်။ ခု ငါတို့  သူ့ကြောင့် ကြော်စားခံရပြီလို့ ပြောကြတယ်။ ကျနော့ကိုတောင် အသေသတ်ကြတော့မလို့ပဲ။ သူတို့ ဗိုလ်တစ်ယောက်နာမည် ဗိုလ်ဒေးထွန်းလို့ခေါ်တယ်။ ကရင်လေးပဲ၊ ဒီဗိုလ်ကြီးကပဲ ကျနော့ကို ပြန်ထောက်ခံတယ်။ ပရမ်းပတာမသတ်နဲ့။ အရင် စီစစ်၊ စမ်းသပ်ပြီးမှ သတ်။ ကျနော့ကို  ၄ ရက်ဆက်ပြီး တောင်ငူဖက်ကို ခေါ်သွားတယ်။ ရေတောင် မသောက်ရဘူး။ အကယ်၍ လမ်းမှာ ချောင်းတွေရှိမယ်ဆိုရင် သောက်ရတာပေါ့။ လူနှင်းသွားခဲ့တဲ့ ရေအိုင်တွေ ချောင်းခြောက်တွေ နှောက်နေရင်လည်း ရေဆာပြီဆို သောက်လိုက်ရတာပါပဲ။ ကယောဂွင်အထိ သွားလိုက်ရတယ်။ ဆရာပေါတို့၊ ဆရာညိုမင်းတို့ရွာဖက်ပေါ့။ အဲကနေ တောင်ငူဖက်ပြန်ဆင်းလာတာ၊ အဲလိုပဲတချိန်လုံး တောင်ငူထိကြိုးနဲ့ တုပ်ထားတယ်။ နောက်ပိုင်းမှာ နည်းနည်း သက်သာလာတယ်ပြောရမှာပေါ့။ သူတို့ ပစ္စည်းသယ်ကူခိုင်းလို့လေ။ ကြေးနန်းကြိုးနဲ့ လွယ်အိတ်တစ်လုံးပေါ့။ နောက်တမနက်မှာပဲ နန်းဖဲဖက်ကိုရောက်သွားတယ်။ ကြံခြံတစ်နေရာမှာ သွားနားတယ်။ သူတို့ တပ်ကို ကားလာကြိုတော့ ကျနော့်ကို ပြန်လွတ်လိုက်တယ်၊ ကျနော်လည်း တောင်ငူဖက်ပြန်လာခဲ့တာပေါ့။ နွေရာသီရောက်ပြီ။ ၁၉၉၁ ခုနှစ် ၂ လပိုင်း ၁၅ ရက်လောက်ပေါ့။ အဲဒီအချိန်ဆို ကျောင်းသားတွေ စာမေးပွဲဖြေတော့မယ်။
ကေတီ    -  ဟုတ်ကဲ့ ဆရာ အခုဆရာ နယူးဇီလန်နိုင်ငံကို ရောက်နေပြီဆိုတော့… ဒီကရင်နီ စာအခြေအနေကော ဟိုမှာရှိနေတဲ့ သားသမီးတွေတွက် ဆင့်ပွားသင်ကြားပေးဖို့  အစီအစဉ်တွေရှိလား…
ဆရာကူးရယ်    -  အင်း သူတို့ကို သင်ကြားနိုင်ဖို့တော့ စဉ်းစားထားတယ်။ အဓိက ဦးတည်လုပ်သွားနိုင်ဖို့ ကျနော့သား တော်ရယ်နဲ့အတူပေါ့လေ အင်တာနက်ပေါ်မှာ ဒီကရင်နီပရိုကရမ်ကို လေ့လာနိုင်ဖို့ပေါ့။ ဤစာကို အသံထွက်နဲ့တပါတည်း ထည့်ပေးချင်တယ်။ ရေးတော့ရေးပြီးပြီ မလုပ်သေးဘူး။ ကြိုးစားတုန်းပဲ။ ဥပမာ- က…ပုံနှင့်တကွပေါ့။ ရှင်းလင်းချက်တွေ။ စာလုံးပေါင်းတွေ ရှင်းလင်းချက်တွေနဲ့ပေါ့။ ဒီစာက ကျနော်တို့ တစ်သက်တာအတွက် ရည်ရွယ်ထားတာပါ။ ဒီမှာရှိနေတဲ့ ဆရာဘဲရယ်တို့၊ ကျနော့သားနဲ့ ပူးပေါင်းလုပ်ဖို့ အစီအစဉ်ရှိထားတယ်။
ကေတီ    -  ဟုတ်ကဲ့ နယူးဇီလန်နိုင်ငံမှာ ရောက်ရှိနေတဲ့ ကရင်နီက လူတွေဘယ်လောက်ရှိလဲ။ သူတို့ကော ကရင်နီစာကို စိတ်ဝင်တစားရှိသေးရဲ့လား....
ဆရာကူးရယ်    - ကျနော်တို့ လက်ရှိရောက်ရှိနေတဲ့ မြို့ ကတော့ ကရင်နီလူဦးရေနည်းတယ်။ ကယန်း(ပဒေါင်)တွေက ကျနော်တို့ ကယားထက်များတယ်။ မိဘ တချို့တလေကျတော့ သူ့သားသမီးတွေ ကရင်နီစကားပြောတာကို ပိတ်ပင်တယ်လေ။ စိတ်ဓါတ်တွေ ပြောင်းသွားတယ်။ ဒီနိုင်ငံရောက်ရင် ဒီနိုင်ငံစကားပဲပြောတဲ့။ ကလေးတွေက ကရင်နီ စကားကို ပြောနေကျဖြစ်တော့လေ အဲဒါကိုပဲပြောတယ်။ ကျနော် ဒီ ပရိုကရမ်ကို (အင်တာနက်အွန်လိုင်းပေါ်) တင်ပြီးမှပဲ သူတို့ မိဘတွေကို ရှင်းလင်းပြမယ်လို့ စဉ်းစားထားတယ်။ အသုံးအနှုန်း ပုံစံမျိုးသွားသင်ပေးမယ်ဆိုလည်း ကျနော့သားသမီးတွေ၊ စိတ်အားထက်သန်နေတဲ့ လူတွေပဲ ရှိမယ်။ ဒါပေမယ့် တစ်ခုရှိတာက ကလေးနွေရာသီ ကျောင်းပိတ်ရက်မှာ တစ်ကြိမ်တစ်ကြိမ် သင်ကြားပေးဖို့၊ ပူးပေါင်းလုပ်ဆောင်ပေးဖို့ မိဘတွေကိုတိုင်တွန်းမယ်လို့ အဲလိုတော့ အစီအစဉ်ဆွဲထားတယ်။
ကေတီ   -  ဆရာနောက်ဆုံးအနေနဲ့ ကရင်နီစာတတ်မြောက်စေချင်တဲ့ ကရင်နီအမျိုးသားတွေကို ဘာပြောချင်လဲခင်ဗျ…
ဆရာကူးရယ် -  ကျနော့အနေနဲ့ ပြောချင်တာက…ကရင်နီ ဆိုတာက ကယားလီပါပဲ။ ကရင်နီတို့၏ ကေးဖိုးဒူ(ကရင်နီ စော်ဘွား)အဆိုအမိန့် အရပေါ့ တနေ့တချိန်ကျရင် ကျနော်တို့မှာ ရှိထားတဲ့ “ဗျိုင်းရဲ့ အမြီးကို မြဲမြဲ ကိုင်ထားကြနော်” လို့ မိန့်မှာထားတယ်။ ခုက ဗျိုင်းတော့ မရှိတော့ဘူး။ ဆုံးသွားပြီ။ ဒါပေမယ့် သူ့အမြီး ကျန်ရှိသေးတယ်။ ဒီစာကို ကျနော်တို့ မြဲမြဲမဆုတ်ကိုင်ထားရင်တော့ ကျနော်တို့ ကရင်နီလူမျိုးပါ ပျောက်သွားမယ်။ နောက် ကျနော်တို့ ဒီ ဗမာဗျည်းအက္ခရာ၊ ဗမာဘာသာစကားကိုပဲ သုံးမယ်ဆိုရင် အခုလက်ရှိတော့ ကျနော်တို့မိဘတွေ အသက်ရှင်နေနေသ၍တော့ ကရင်နီဖြစ်နေသေးတယ်။ ခံသာသေးတာပေါ့ဗျား။ ဒါပေမယ့် ကျနော်တို့ မရှိတော့တဲ့ အချိန်မှာကျတော့ သားသမီးတွေက  တခြားလူမျိုးတွေ ဖြစ်သွားမှာကိုစိုးလို့ သတိပေးချင်ပါတယ်။ ဒီအရာကိုပဲသုံးမယ်ဆိုရင် ဒီအရာက ဖြစ်လာမှာ အမှန်ပဲ။ ဒီဗျိုင်းရဲ့အမြီးကို ကျနော်တို့ မြဲမြဲ မကိုင်ထားနိုင်ဘူးဆိုရင်တော့ ကျနော်တို့ လူမျိုးဟာ သူများလို အမြင့်မပျံသန်းနိုင်တော့ဘူး။ ဆရာကြီးထဲဘူးဖဲ သက်ရှိစဉ်တုန်းကလည်း ကေးဖိုးဒူအဆိုအမိန့်ကို မှတ်သားထားကြလို့ အမြဲမှာကြားခဲ့တယ်။ ဆိုလိုတာက ဒီသူကိုယ်ပိုင်တီထွင်ထားတဲ့ စာပေကိုလေ။ ကျနော်တို့ ဘယ်လောက်ပဲ တနယ်တခြားဝေးကွာနေကြပါစေ ကျနော်တတ်နိုင်တဲ့ဘက်က ကြိုးစားအကောင်အထည်ဖေါ်နိုင်ဖို့ ဆန္ဒရှိတယ်။ ခုခေတ်က ခေတ်တိုးတက်နေတယ်။ ၀က်(ပ်)ဆိုက် အင်တာနက်မှာ ဒီ ကရင်နီပရိုဂရမ်ကို တင်ထားပေးနိုင်မယ်ဆိုရင် အလွယ်တကူ တက်ဖွင့်ကြည့်နိုင်မယ်။ တက်လေ့လာနိုင်မယ်။ နောက် ကရင်နီလူမျိုးတွေက ၀က်(ပ်)ဆိုက်ပေါ်မှာ တက်ရောက်ပြီး ကြိုးစားကြမယ်ဆိုရင် ဖြစ်လာမှာပါလို့ ကျနော် မျှော်လင့်ထားတယ်။
--- ကရင်နီစော်ဘွား ဖြစ်တဲ့ ကေးဖိုးဒူ မိန့်ဆိုချက် “ဗျိုင်းရဲ့ အမြီးကို မြဲမြဲမဆုပ်ကိုင်ထားရင် ကရင်နီလူမျိုး ပျောက်ကွယ်သွားမယ်” ဆိုလိုရင်းမှာ ကရင်နီအမျိုးသားတွေအနေနဲ့  ပညာကို ကြိုးစားပြီး ဆည်းပူးလေ့လာထားရမှာ ဖြစ်တယ်။ ဒါမှသာ တချိန်က ကရင်နီပြည်ကို သီးခြားလွတ်လပ်တဲ့ ပြည်တစ်ပြည်အဖြစ် အသိအမှတ် ပြုပေးခဲ့တဲ့ အင်္ဂလိပ်တွေနဲ့ ပြောဆိုဆက်ဆံနိုင်မှာ ဖြစ်တယ်။

ကရင်နီဆိုတာ ကယားလူမျိုးတစ်မျိုးထဲ မဟုတ်ပါ

ကရင်နီသမိုင်းကြောင်းအရ လွန်ခဲ့တဲ့ BC ၇၃၉ နောက်ပိုင်းလောက်မှာ ကရင်နီအမျိုးသားတို့အား နှစ်တစ်ရာတိုင် ကျွန်အဖြစ် ဖိနှိပ်အုပ်ချုပ်ခဲ့တဲ့ ယွန်းတွေကို အမျိုးသားစုစည်းညီညွတ်မှုနဲ့ တွန်းလှန်တိုက်ထုတ်နိုင်ခဲ့ကြပါတယ်။ ယွန်းလူမျိုးတို့ရဲ့ အုပ်ချုပ်ကွပ်ကဲမှုအောက်ကနေ လွတ်မြောက်ပြီးတဲ့နောက်မှာ ကရင်နီပြည်ကို စောဖျာများ(မင်းမျိုးများ)နဲ့ ပြန်လည်အုပ်ချုပ်ခဲ့ကြတာပါ။
အဲဒီအချိန်ကတည်းက ကရင်နီဆိုတဲ့ အခေါ်အဝေါ်အသုံးအနှုန်းဟာ ရှိနေခဲ့သလို ကရင်နီပြည်ဟာ လွတ်လပ်တဲ့ပြည်တစ်ပြည်ဖြစ်ကြောင်း ၁၈၇၅ ခုနှစ် ဇွန်လ ၂၁ ရက်နေ့မှာ ဗြိတိသျှကိုယ်စားလှယ် ဆာ ဒေါက္ကလပ်(စ်)ဖေါ်ဆသ် (The Honorable Sir Douglas Forsyth C.B, K.C.S.I, Envoy - အိန္ဒိယဘုရင်ခံချုပ်ရဲ့ ကိုယ်စားလှယ် သံတမန် အဖြစ်ဖြင့်၎င်း) မြန်မာဘုရင် ကင်းဝန်မင်းကြီးက မြန်မာပြည်ကိုယ်စားပြုပြီး နှစ်ဦးနှစ်ဘက် သဘောတူလက်မှတ်ရေးထိုးခဲ့ကြတဲ့ အချိန်မှာလည်း ကရင်နီဆိုတဲ့အသုံးအနှုန်းကိုဘဲ သုံးလာခဲ့ကြပါတယ်။ 
၁၉၄၇ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်နေ့ မြန်မာပြည် လွှတ်လပ်ရေးမရခင် ၈ ရက်နေ့အလွန်မှာ ကရင်နီစောဖျာတို့ရဲ့ ဆန္ဒမပါပဲ စောဝဏနဲ့ ဦးစိန်တို့ နှစ်ယောက်သား သဘောထားနဲ့ ကရင်နီပြည်ကို မြန်မာပြည်ရဲ့ တစ်စိတ်တစ်ဒေသအဖြစ်ပါဝင်ရန် ဖဆပလအစိုးရထံ သွားရောက်တောင်းဆိုခဲ့တဲ့ နောက်မှာဘဲ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြည်နယ်တစ်ခု ဖြစ်သွားခဲ့ရပါတယ်။
တဖန် ကရင်နီပြည်ဆိုတဲ့ အသုံးအနှုန်းကို ပယ်ဖျက်ပြီး ကယားပြည်အဖြစ် ပြောင်းလဲခေါ်ဆိုဖို့ ကရင်နီ ပြည်နယ် ကိုယ်စားလှယ် ဦးစိန်ကဘဲ ၁၉၅၀ ခုနှစ် ဖေဖော်ဝါရီလမှာ ကျင်းပတဲ့ လွှတ်တော်အစည်းအဝေးမှာ အဆိုပြုချက်တင်သွင်းခဲ့တဲ့အတွက် ကရင်နီကနေ ကယားအဖြစ်သို့ ရောက်ရှိသွားရပြန်ပါတယ်။ အဲဒီနေ့ကစပြီး ကရင်နီဆိုတဲ့အသုံးအနှုန်းကို မြန်မာစစ်အစိုးရအဆက်ဆက်က သုံးခွင့်မပေးတော့ဘဲ ပိတ်ပင်ထားခဲ့ပါတယ်။
ကရင်နီပြည်ကို ကယားပြည်လို့ ဖဆပလအစိုးရက သတ်မှတ်လိုက်တဲ့နောက်မှာ ပြည်နယ်အတွင်းမှာရှိကြတဲ့ ကယားလူမျိုးတစ်မျိုးကိုသာ ကိုယ်စားပြုသလိုဖြစ်နေပါတယ်။ ဒီအခြေအနေထက် ခါးသီးစရာဖြစ်နေခဲ့တဲ့ အခြေအနေတစ်ခုက ကရင်နီလို့ပြောလိုက်တိုင်း သူပုန်ဟု ထင်မှတ် သတ်မှတ်ထားကြတဲ့အတွက် ပြည်တွင်းကလူထုအများအစုဟာ ကရင်နီဆိုတဲ့အသုံးအနှုန်းကို မပြောရဲမဆိုရဲ မဟရဲတော့တဲ့ အခြေအနေမှာ ရှိနေကြပါတယ်။
ကရင်နီဆိုတဲ့ နာမည်နာမနဲ့ အသုံးအနှုန်းကို တော်လှန်ရေးနယ်မြေမှာရှိကြတဲ့ ကရင်နီတွေသာ အသိအမှတ်ပြု ခေါ်ဝေါ်သုံးစွဲနေကြပါတယ်။ အခုနောက်ပိုင်းမှာတော့ တော်လှန်ရေးနယ်မြေဘက်က ကရင်နီအမျိုးသားတွေဟာ ဒုက္ခသည်အဖြစ် အခြေချနေထိုင်ရေး အစီအစဉ်နဲ့ နိုင်ငံရပ်ခြားတို့မှာ တရွေ့ရွေ့အခြေချနေထိုင်ကြပြီဖြစ်တဲ့အတွက် ကရင်နီဆိုတဲ့ အခေါ်အဝေါ်ဟာလည်း ကျယ်ပြန့်လာပါတယ်။
ဒါပေမယ့် ကရင်နီဆိုတာကို ကျနော်/မတို့ ကရင်နီအမျိုးသားတွေကိုယ်၌က ကယားဆိုတဲ့ လူမျိုးတစ်မျိုးကိုသာ ကိုယ်စားပြုထားတာမဟုတ်ဘဲ ကရင်နီပြည်မှာရှိတဲ့ ကယား၊ ကယန်း၊ ကယော၊ ပကူး၊ မနု၊ မနှော၊ ယင်းဘော်၊ ယင်းသလဲ စတဲ့မျိုးနွယ်စုတွေအားလုံးဟာ ကရင်နီအမျိုးသားတွေ ဖြစ်ကြတယ်ဆိုတာကို နားလည်လက်ခံသင့်တယ်လို့ တိုက်တွန်းလိုပါတယ်။

အမျိုးသားနေ့အကြောင်း တစေ့တစောင်း

ကရင်နီသမိုင်းကြောင်းအရ လွန်ခဲ့တဲ့ BC ၇၃၉ နောက်ပိုင်းလောက်မှာ ကရင်နီအမျိုးသားတို့ကို နှစ်တစ်ရာတိုင် ကျွန်အဖြစ် ဖိနှိပ်အုပ်ချုပ်ခဲ့တဲ့ ယွန်းတွေကို အမျိုးသားစုစည်းညီညွတ်မှုနဲ့ တွန်းလှန်တိုက်ထုတ်နိုင်ခဲ့ကြပါတယ်။ အဲဒီနောက်မှာဘဲ ကရင်နီအမျိုးသားနေ့ ဖြစ်ပေါ်လာတယ်လို့ဆိုရမှာပါ။ ကရင်နီအမျိုးသားနေ့ ဖြစ်ပေါ်လာရတဲ့ အကြောင်းအရင်းနဲ့ ပတ်သက်ပြီး ယခု ဇွန်လ ၂၁ ရက်နေ့ ထိုင်း-မြန်မာနယ်စပ်မှာကျင်းပပြုလုပ်တဲ့ ၁၃၆ နှစ်မြောက် ကရင်နီအမျိုးသားနေ့အခမ်းအနားမှာ ကရင်နီအမျိုးသား တိုးတက်ရေးပါတီက ယခုလိုရှင်းပြပါတယ်။
“မင်းတုန်းမင်းခေတ်မှာတော့ ကရင်နီနယ်မြေကိုသိမ်းမယ် တကဲကဲလုပ်လာကြတယ်။ နောက်တော့ ဗြိတိသျှနဲ့ထိပ်တိုက် ပြဿနာကို မရင်ဆိုင်ရအောင်ဆိုတဲ့အနေနဲ့ ဆိုတော့ သဘောက ကရင်နီကို ကြားနေနိုင်ငံပုံစံမျိုးရှိပြီးတော့ ကရင်နီနဲ့ လွတ်လွတ်လပ်လပ်နေဖို့။ ကျနော်တို့ ဘယ်အဖွဲ့အစည်းကမှ ၀င်ရောက်ချုပ်ချယ်ချင်တာ မရှိဖို့ဆိုတဲ့အနေနဲ့ သက္ကရာစ် ၁၈၇၅ခု ဇွန်လ ၂၁ ရက်နေ့ ဒီလိုနေ့အချိန်အခါမှာ ဗြိတိသျှနဲ့ အင်းဝဘုရင်က သဘောတူညီချက်အရ ဗြိတိသျှကိုယ်စားလှယ် ဆာ ဒေါက္ကလပ်(စ်)ဖေါ်ဆသ် (The Honorable Sir Douglas Forsyth C.B, K.C.S.I, Envoy - အိန္ဒိယဘုရင်ခံချုပ်ရဲ့ ကိုယ်စားလှယ် သံတမန် အဖြစ်ဖြင့်၎င်း) ဗမာဘက်မှာဆိုရင် ဗမာဘုရင် ကင်းဝန်မင်းကြီးက ဗမာပြည်ကိုယ်စားပြုပြီးတော့ ကရင်နီပြည်ဟာ သီးခြားလွတ်လပ်တဲ့ ပြည်တစ်ပြည်ဖြစ်တယ်ဆိုတာ... အသိအမှတ်ပြုတယ်။ လက်မှတ်ထိုးတယ်။”
ကရင်နီအမျိုးသားနေ့ အခမ်းအနားသို့ တက်ရောက်လာကြသော မိဘပြည်သူများနှင့် ကျောင်းသူကျောင်းသားများ (ဓါတ်ပုံ-ကေတီ)
ကရင်နီအမျိုးသားနေ့ အခမ်းအနားသို့ တက်ရောက်လာကြသော မိဘပြည်သူများနှင့် ကျောင်းသူကျောင်းသားများ (ဓါတ်ပုံ-ကေတီ)
ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (ကေအဲန်ပီပီ) ဒု-ဥက္ကဌ အေဘယ်တွိက အခမ်းအနားကို တက်ရောက်လာတဲ့ လူအယောက် ၄ ထောင်ကျော်ရှေ့မှောက်မှာ ဟောပြောခဲ့တာပါ။
ကရင်နီပြည်ဟာ သီးခြားလွတ်လပ်တဲ့ ပြည်တစ်ပြည်အဖြစ် အင်္ဂလိပ်နဲ့ ဗမာဘုရင်တို့ အသိအမှတ်ပြုပြီးချိန်မှာပဲ ကရင်နီပြည်ထဲမှာ ချထားတဲ့  မြန်မာစစ်တပ်များကို ပြန်လည် ရုတ်သိမ်းပေးခဲ့ပါတယ်။
ကရင်နီအမျိုးသားနေ့ဟာ သီးခြားလွတ်လပ်တဲ့ပြည်တစ်ပြည်အဖြစ် အသိအမှတ်ပြုခံထားရတဲ့ နေ့တစ်နေ့လည်းဖြစ်တဲ့အတွက် ကရင်နီအမျိုးသားတစ်ရပ်လုံးက အဲဒီနေ့ကို အထွဋ်အထိပ်ထားကြပါတယ်။ ဒါပေမယ့် မြန်မာပြည် စစ်အစိုးရအဆက်ဆက် လက်ထက်မှာတော့ ကရင်နီအမျိုးသားနေ့ကို အသိအမှတ်မပြုဘဲ ပိတ်ပင်တားမြစ်ထားခဲ့ကြပါတယ်။
“ဒီနေ့ ဇွန်လ ၂၁ ရက်နေ့မှာ ကျင်းပတဲ့ ကရင်နီအမျိုးသားနေ့ဟာ ဗမာလုံးဝ အသိအမှတ်မပြုဘူး။ ဗမာလုံးဝလက်မခံဘူး။ အဲဒါကြောင့်မို့လို့ ကျနော် ဒီစကားကိုပြောရင် ဗမာကိုတော်တော်ထိခိုက်တယ်။ သမိုင်းအရ ပြန်ထောက်လို့ရှိရင် ကရင်နီပြည်ဟာ သီးခြားလွတ်လပ်တဲ့ ပြည်တစ်ပြည်ဖြစ်တယ်ဆိုတာ ဒါသက်သေ။ သက်သေပြခြင်းဖြစ်တဲ့အတွက်ကြောင့် ဗမာအစိုးရအဆက်ဆက်ဟာ လုံးဝ ဇွန်လ ၂၁ ရက်နေ့ကို သူတို့စာရင်းထဲမှာမထည့်ဘူး” လို့ အေဘယ်တွိက ဆက်ပြီးရှင်းပြသွားပါတယ်။
မြန်မာပြည် စစ်တပ်အာဏာရှင်အစိုးရ အဆက်ဆက် တော်လှန်တိုက်ခိုက်နေကြတဲ့ ကရင်နီတော်လှန်ရေးအုပ်စုတွေကသာ မိမိတို့ရောက်လေရာ အရပ်ဒေသမှာဘဲ အမျိုးသားနေ့ကို လွတ်လွတ်လပ်လပ် ကျင်းပခွင့်ရကြတာပါ။
၂၀၁၀ ရွေးကောက်ပွဲရလဒ်မှ တက်လာတဲ့ အစိုးရသစ်လက်ထက်မှာလည်း ကရင်နီအမျိုးသားနေ့ကို ပြည်တွင်းမှာ ကျင်းပခွင့်ပေးတာမတွေ့ရပါဘူး။
“အနောက်ဘက်ကမ်းမှာတော့ (မြန်မာ) လွတ်လပ်ရေးနေ့ တက်ဖူးတယ်။ တိုင်းရင်းသားဝတ်စုံတွေနဲ့ တက်ဖူးတယ်။ ကရင်နီအမျိုးသားနေ့ကိုတော့ အနောက်ဘက်ကမ်းမှာ မတက်ဖူးဘူး။ ဒီ ၂၀၁၀ ခုနှစ် ၇ လပိုင်း၊ ၁၇ ရက်နေ့မှာ ဒီဒုက္ခသည်စခန်းရောက်မှ ကရင်နီအမျိုးသားနေ့ကျင်းပတယ်။ ဒီဒုက္ခသည်စခန်းရောက်မှ ကရင်နီအမျိုးသားနေ့ကျင်းပတယ်။ စာမေးပွဲမှာလည်း မေးဖူးတယ်။ ဒီတခေါက်တော့ ကိုယ်တိုင်တက်ရောက်ဖူးတယ်ပေါ့” လို့ ကျောင်းသူတစ်ဦးဖြစ်တဲ့ မော်ဌေးမြာက ပြောပြသွားတာပါ။

 
ကျွန်ဘ၀၊ ကိုယ့်မင်းကိုယ့်ချင်းနဲ့ သီးခြားလွတ်လပ်တဲ့ ကရင်နီပြည်
ကွယ်လွန်သွားသူ ကရင်နီအမျိုးသားခေါင်းဆောင် ဆရာကြီးထဲဘူးဖဲ ရေးသားပြုစုခဲ့တဲ့  ကရင်နီအမျိုးသားနေ့ သမိုင်းကြောင်းအရ ကရင်နီအမျိုးသားနေ့ကို ပြန်လည်အောက်မေ့တဲ့အခါမှာ တချိန်က ကရင်နီအမျိုးသားတွေကို ကျွန်အဖြစ်နှစ်ပေါင်းတစ်ရာတိုင် ဖိနှိပ်အုပ်ချုပ်ခဲ့တဲ့ ယွန်းတွေကို တွန်းလှန်တိုက်ထုတ်နိုင်ခဲ့တဲ့ ဖြစ်ရပ်ကို မမေ့ထားဖို့ အရေးကြီးကြောင်း ရေးသားထောက်ပြထားပါတယ်။
“ကျနော်တို့ ကရင်နီလူမျိုးတွင်ဟာ ကယား၊ ကယန်း၊ ကယော၊ မနု၊ မနော၊ ပကူး၊ ယင်းဘော်၊ ယင်းတလဲ စတဲ့ ကရင်နီလူမျိုးစုတွေအားလုံးဟာ ဆိုလို့ရှိရင် မွန်ဂိုးလီးယားကနေ ဆင်းလာပြီးတော့မှ ဒီးမော့ဆို မှာလာပြီး အခြေချ နေထိုင်လာခဲ့ကြတာပါ။ ရှေ့ကဆိုလိုရှိရင် ဒီးမော့ဆိုပြည်လို့လည်း ခေါ်ခဲ့ကြပါတယ်။ အဲမှာ မကြာခင်မှာ ယွန်းဆိုတဲ့လူမျိုးဟာ အခုလက်ရှိပြောရရင် လော မှာရှိတဲ့ ယွန်းမျိုးတွေလည်း ဖြစ်နိုင်တယ်။ ကမ်ဘောဒီးယားမှာရှိနေတဲ့ ယွန်းလည်း ဖြစ်နိုင်တယ်။ ထိုင်း မှာရှိနေတဲ့ယွန်းတွေလည်း ဖြစ်နိုင်တယ်။ အဲဒီယွန်းတွေက ကျနော်တို့ ကရင်နီလူမျိုးတွေ တည်ရှိနေတဲ့ ဒီးမော့ဆိုပြည်ကို ဝင်ရောက် သိမ်းပိုက်ပြီး ဒီးမော့ဆိုပြည်ကို  ယခု လူသိများတဲ့ ငွေတောင်မှာဆို ယွန်းတွေနေထိုင်လာခဲ့တဲ့နေရာတွေပါ။ အဲမှာ   နှစ်ပေါင်း ၁၀၀ လာရောက်နေထိုင်ပြီး အုပ်ချုပ်လာခဲ့တယ်။ ပြီးတော့ ဒီယွန်းလူမျိုးတွေဟာ ဖားစည်၊ နွားလည်းဘီး၊ ထွန်စတဲ့ အခုကျနော်တို့ အသုံးပြုနေတဲ့ ဟာတွေက သူတို့ အဲဒီငွေတောင်မှာပဲ ထုတ်လုပ်ခဲ့တာပါ။ နောက်ပြီး ကရင်နီလူမျိုးစုတွေအားလုံး စည်းလုံးညီညွတ်မှုကြောင့် ဒီယွန်းတွေကို ပြန်လည် တိုက်ထုတ်နိုင်ခဲ့ပြီးတဲ့နောက်ပိုင်း ကျနော်တို့ ကရင်နီလူမျိုးတွေက စောဖျာတွေနဲ့ ပြန်ပြီးအုပ်ချုပ်တယ်။ ဒီ ယွန်းတွေကို တိုက်ထုတ်နိုင်ခဲ့တဲ့အချိန်မှာဆိုလို့ရှိရင် ယွန်းလူမျိုးတွေက သူတို့ အကုန်ပြန်ကုန်ကြတယ်လို့ အဖိုးအဖွားတွေတချို့ဆီက သူတို့ပြောတယ်။ ဘာဖြစ်လဲဆိုတော့ အဲဒီယွန်းတွေက သူတို့ တတ်တဲ့ လက်မှုပညာတွေက ကျနော်တို့ ကရင်နီလူမျိုးတွေက ဒီလက်မှု ပညာတွေကို သူတို့ မလုပ်တတ်တဲ့အခါ ကြတော့ ယွန်းတွေကို တချို့ပြန်ခေါ်ထားလို့ ပြောကြပါတယ်။”
ကေအဲန်ပီပီ အတွင်းရေးမှူး ခူးဦးရယ်က ကရင်နီအမျိုးသားတွေကို ယွန်းလူမျိုးတွေ အုပ်ချုပ်ကွပ်ကဲခဲ့ဖူးတဲ့အကြောင်းကို ရှင်းပြသွားတာပါ။
ယွန်းတွေကို တိုက်ထုတ်နိုင်ပြီးတဲ့နောက်မှာ ကရင်နီပြည်ကို ကိုယ့်မင်း၊ ကိုယ့်ချင်းတွေဖြစ်တဲ့ စောဖျာတွေနဲ့ အုပ်ချုပ်ပါတယ်။ ကရင်နီပြည်ဟာ သီးခြားလွတ်လပ်တဲ့ ပြည်တစ်ပြည်ဖြစ်ရခြင်းဟာ စောဖျာတွေရဲ့ အမြော်အမြင်ကြောင့်လည်း ဖြစ်တယ်လို့ သမိုင်းမှာ တွေ့ခဲ့ပါတယ်။
“အနောက် ကေးဖိုးဒူရဲ့ အမြော်အမြင်အရ အိင်္ဂလိပ်နဲ့ မဟာမိတ်ဖွဲ့တယ်။ မဟာမိတ်အပေါ်မှာမှ တာဝန်ကျေပွန်တဲ့ အိင်္ဂလိပ်တို့မှ နယ်မြေတည်ရှိရေးနဲ့ ငြိမ်းချမ်းရေးကို ဆောင်ရွက်ပေးတယ်။ မဟာမိတ် ဆာ ဒေါက္ကလပ်(စ်)ဖေါ်ဆသ် (The Honorable Sir Douglas Forsyth C.B, K.C.S.I, Envoy) ကနေပြီးမှ သူက အိင်္ဂလိပ် အုပ်ချုပ်ရေး အရာရှိတစ်ယောက်ဖြစ်တယ်။ တောင်ငူမှာ သူတို့အခြေချတယ်။ နောက် သူ မန္တလေး နေပြည်တော်မှာ သွားတယ် ကြယ်ဖိုးကြီး (ကရင်နီစောဖျာ) တောင်းဆိုတဲ့ဟာကို အဆိုတင်သွင်းတယ်။ အဆိုတင်တဲ့အပေါ်မှာမှ ကရင်နီပြည်ဟာ သီးခြားလွတ်လပ်ရမယ် ဆိုတဲ့ ဟာက ဗမာ က လက်ခံပေးရမယ်လို့ ပြောတဲ့အခါတော့ ဗမာ ဘုရင်လည်း လက်ခံပေးလိုက်တဲ့အတွက်ကြောင့် သူတို့ နှစ်ဦးနှစ်ဘက်စလုံး လက်မှတ်ရေးထိုးလိုက်ကြတယ်”
ကရင်နီစောဖျာ မင်းမျိုးမင်းနွယ်လည်းဖြစ်၊ ကရင်နီသမိုင်းအကြောင်းတွေကိုလည်း စာအုပ်စာပေရေးသားပြုစုတဲ့ ခူးဘျားရယ်ပေါလူ က ရှင်းပြသွားတာဖြစ်ပါတယ်။

 
ကရင်နီမျိုးနွယ်စုတစ်စုနဲ့တစ်စု ကွဲရတဲ့ကိစ္စနဲ့ ပြန်စုစည်းလို့ရတဲ့ အခွင့်အလမ်း
ယခုခေတ်၊ ယခုလက်ရှိအခြေအနေအရ ကရင်နီအမျိုးသားနေ့အကြောင်းကို ပြောတဲ့အခါမှာ ကရင်နီပြည်ဟာ ဘာကြောင့် ကယားပြည်ဖြစ်သွားရလည်း ဆိုတဲ့အကြောင်းကို မဖြစ်မနေ သိထားဖို့လိုပါလိမ့်မယ်။
ယွန်းလူမျိုးတို့ရဲ့ အုပ်ချုပ်ကွပ်ကဲမှုအောက်ကနေ လွတ်မြောက်ပြီးတဲ့နှောက်မှာ ကရင်နီပြည်ကို ဈောဖျာများ(မင်းမျိုးများ)နဲ့ပြန်လည်အုပ်ချုပ်ခဲ့ကြပါတယ်။ ၁၉၄၇ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်နေ့ မြန်မာပြည် လွှတ်လပ်ရေးမရခင် ၈ ရက်နေ့အလွန်မှာ ကရင်နီစောဖျာတို့ရဲ့ ဆန္ဒမပါပဲ စောဝဏနဲ့ ဦးစိန်တို့ နှစ်ယောက်သား သဘောထားနဲ့ ကရင်နီပြည်ကို မြန်မာပြည်ရဲ့ တစ်စိတ်တစ်ဒေသအဖြစ်ပါဝင်ရန် ဖဆပလအစိုးရထံ သွားရောက်တောင်းဆိုခဲ့တဲ့နောက်မှာဘဲ ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြည်နယ်တစ်ခုဖြစ်သွားခဲ့ရပါတယ်။
တဖန် ကရင်နီပြည်ဆိုတဲ့ အသုံးအနှုန်းကို ပယ်ဖျက်ပြီး ကယားပြည်အဖြစ်ပြောင်းလဲခေါ်ဆိုဖို့ ကရင်နီ ပြည်နယ် ကိုယ်စားလှယ် ဦးစိန်ကဘဲ ၁၉၅၀ ခုနှစ် ဖေဖော်ဝါရီလမှာ ကျင်းပတဲ့ လွှတ်တော်အစည်းအဝေးမှာ အဆိုပြုချက်တင်သွင်းခဲ့တဲ့အတွက် ကရင်နီကနေ ကယားအဖြစ်သို့ ရောက်ရှိသွားပါတယ်လို့ ဖယ်ခုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ခွန်းမားရ်ကိုဘန်က ပြောပါတယ်။
“သူတို့ (ဦးစိန်နှင့် စောဝဏ)သွားတဲ့နေ့က ၁၉၄၇ ဒီဇာဘာလ ၂၇ ရက်နေ့ဖြစ်တယ်။ လွတ်လပ်ရေး (မြန်မာပြည်)ရတာ ၁၉၄၈ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့၊ လွတ်လပ်ရေးမရခင် ၈ ရက်ပဲ ဒါ ဦးမြင့်သိန်းကိုယ်တိုင်ရေးထားတဲ့ စာအုပ်ထဲမှာပါတယ်။ ဦးနုက ဦးမြင့်သိန်းကို ခေါ်ပြီးတော့မှ ဟာမရဘူး သီးခြားလွတ်လပ်တဲ့ နိုင်ငံဖြစ်တယ်။ စောဖျာဆန္ဒလည်း မပါဘူး။ လူထုဆန္ဒလည်း ပါတာလည်း မဟုတ်ဘူးလို့ ဦးမြင့်သိန်းက ပြောတယ်။ ဦးမြင့်သိန်းက ဥပဒေအရာရှိချုပ် ဥပဒေအရ ထည့်လို့မရဘူးလို့ ပြောတယ်။ ဒါပေမယ့် စောဝဏနဲ့ ဦးစိန်တို့က ထည့်ပေးပါ ကျနော်တို့က စောဖျာသား၊ လူထုကိုယ်စားလှယ်တွေပါ။ မကြိုက်ရင် ၁၀ နှစ် ခွဲထွက်ခွင့်ပေးပေါ့။ ရှမ်းပြည်နယ်လို ပြောတဲ့အတွက်ကြောင့် ထည့်လိုက်ပြီးတာ့မှ ၁၉၄၇  ဖွဲစည်းပုံ အခြေခံ ဥပဒေထဲမှာတော့ ကရင်နီပြည်လို့ပဲ ခေါ်ပါတယ်။”
ကရင်နီဆိုတာ ကယားလူမျိုးတစ်ခုထဲကို ကိုယ်စားပြု ခေါ်ဆိုထားတာမဟုတ်ဘဲ ပြည်နယ်အတွင်းမှာ နေထိုင်ကြတဲ့ ကယား၊ ကယော၊ ကယန်းနဲ့ ပကူးစတဲ့ လူမျိုးစုတွေအားလုံးကို ကိုယ်စားပြုပြီး ခေါ်ဆိုအသုံးပြုထားခဲ့ကြတာပါ။
“ကျနော်တို့တတွေဟာ ကရင်နီ အမျိုးသား အတူတူပါပဲ ဆိုတဲ့ စိတ်ဓါတ်မျိုးနဲ့ ပထမဆုံး ခံယူပြီးတော့ ကျနော်တို့ ညီညွတ်တဲ့ စိတ်ဓါတ်နဲ့ ကျနော်တို့ချီတက်သွားရင်တော့ ကွဲတဲ့လမ်းကြောင်းကို မသွားတော့ပါဘူး။ ညီညွတ်တဲ့ အမျိုးသားအင်အား လမ်းကြောင်းကိုပဲ သွားမယ်လို့ ဦးလေးအနေနဲ့ အဲလိုပဲယုံကြည်ပါတယ်… ကရင်နီဟာ ကယားပဲ ငါတို့နဲ့ မဆိုင်ဘူး ဆိုတဲ့ အဲလိုစိတ်ဓါတ်မျိုးဟာ ကျနော်တို့ဘယ်တော့မှ ညီညွတ်ရမယ် မဟုတ်ဘူး။ အဲဒါကြောင့် ခုနပြောသလို ကိုယ့်သမိုင်းကြောင်း အမှန်ကိုသိပါ သမိုင်းကြောင်းအမှန်ကိုသိပြီး နောက်မှ ကျနော်တို့က အမျိုးသားတရပ်လုံးဟာ ကယား၊ ကယန်း၊ ကယော မျိုးနွယ်စုတွေ အားလုံးတွေဟာ ဘာနဲ့တူလဲဆိုတော့ အဖြူရောင်ပန်း၊ အဝါရောင်ပန်း၊ ပန်းမျိုးစုံ ပွင့်နေတဲ့ အင်မတန်မှ လှပနေတဲ့ ပန်းလေးပါ။ ကျနော်တို့တွေဟာ ပန်းတစ်ရုံထဲပါပဲဆိုတဲ့ ခံယူချက်မျိုးနဲ့ တည်ဆောက်လိုက်မယ်ဆိုရင်တော့ ခုနကျနော်တို့ပြောနေတဲ့ ကွဲပြားခြင်းဟာ လုံးဝပျောက်သွားပြီးတော့မှ ကရင်နီအမျိုးသား စိတ်ဓါတ်ကို တည်ဆောက်နိုင်မှာ ဖြစ်တယ်” လို့ ခွန်းမားရ်ကိုဘန်က ရှင်းပြသွားပါတယ်။

“ကျွဲချိုမဖြောင့်မချင်း၊ သံလွင်မြစ်ရေမခန်းမချင်း၊ ဆင်ဖြူဂူမပြိုမချင်း ထာဝရမိတ်ဆွေဖြစ်ရမယ်”

စပါးရိတ်သိမ်းပြီးချိန် ဆောင်းရာသီအတွင်း  ကျနော်တို့အဖွဲ့ဟာ မြင်းကောင်ရေအား (၇၅) ကောင်ရှိ ဒီဇယ်စက် တပ်ဆင်ထားတဲ့ လူ ၂၅ ယောက်ခန့် တင်ဆောင်နိုင်တဲ့ စက်လေလေးတစ်စီးဖြင့် ခရီးထွက်ခဲ့ကြတယ်။ ကျနော်တို့ (၅) ယောက်ဟာ စက်ဆီကို ချွေတာတဲ့အနေနဲ့ စက်မနိုးဘဲ လှော်တက်နဲ့ ထိုးဝါးကိုအားကိုးပြီး နန့်ပန်ချောင်းအတိုင်း စက်လှေကို  မျှောဆင်းခဲ့ကြပါတယ်။ တစ်ပတ်စာရိက္ခ္ခာကိုယ်စီ၊ ငါးဖမ်းကွန်တစ်လက်နဲ့အတူ အမဲလိုက်တူမီးသေနတ်ကိုယ်စီဖြင့် မိမိတို့ မိသားစုဟင်းလျာအတွက် အပိုဝင်ငွေရှာဖွေရေး ခရီးထွက်ခဲ့ကြပါတယ်။ လမ်းတလျှောက်မှာ အခြားကရင်နီရွာသားတွေသာမက ထိုင်းနိုင်ငံက ရွာသားတွေကိုပါ ချောင်းရဲ့ဘေးနားတွေမှာ တဲထိုးစခန်းချပြီး ဖါးရှာ၊ ငါးရှာ၊ အမဲလိုက်ထွက်ကြတာကို မြင်တွေ့ရပါတယ်။ ကျနော်တို့အဖွဲ့ဟာ နေ့လည်လှေမျှောဆင်းလာစဉ် ချောင်းဘေးနား ရေဆင်းသောက်ကြတဲ့ တောကြက်၊ ရှဥ့်၊ ဖွတ်နဲ့ အခြားကျေးငှက်တိရစ္ဆာန်အငယ်လေးတွေကို မြင်တွေ့ခဲ့ပြီး ထိုညအတွက် တောကြက်(၁)ကောင်နဲ့ ရှဥ့်(၃)ကောင်ကို တူမီးသေနတ်ဖြင့် ပစ်ပြီး ရလာခဲ့ကြပါတယ်။
ညနေ (၄) နာရီလောက်အချိန်မှာ ကျနော်တို့ မုဆိုးအဖွဲ့ဟာ နန့်ပန်ချောင်းထဲစီးဝင်လာတဲ့ ထီးစဲချောင်းဝမှာ ရောက်ရှိပြီး ညနေစာ ထမင်းချက်ပြုတ်စားသောက်ခဲ့ကြပါတယ်။ ခေါင်းတပ်ဓါတ်မီး၊ တူမီးသေနတ်ဖြင့် သူငယ်ချင်း ဂျပန်အိုက်ကျော်နဲ့ စိုးရယ်တို့က ညဖါးတွေထွန်းပြီးကောက်ဖို့ ပြင်ဆင်နေသလို၊ ကျနော်နဲ့ ဖါးဘွဲ (၂) ယောက်တို့ဟာ ကွန်ဖြင့် ညအချိန် ငါးတွေရှာဖို့အတွက် အစီအစဉ်ချခဲ့ကြပါတယ်။
အစီအစဉ်အတိုင်း အသီးသီးထွက်ကြပြီး မနက်မိုးလင်းရင် ချောင်းဝမှာ ပြန်ဆုံကြဖို့သဘောတူခဲ့ကြတယ်။ ဖါး ကောက်မယ့် သူငယ်ချင်း(၂)ယောက်ဟာ ဖါးကောက်ဖို့ ခြင်းတစ်လုံးယက်ပြီးတော့ မိုးအချုပ်ကို စောင့်ဆိုင်းခဲ့ကြသလို ကျနော်နဲ့သူငယ်ချင်းဖါးဘွဲဟာ ဖါးအော်သံ၊ ညငှက်အော်သံ၊ ပရစ်အော်သံဆူဝေနေတဲ့ ညမိုက်ထဲ ငါးတွေကို ပိုက်ကွန်ဖြင့် တလှည့်စီ ဖမ်းပြီးချောင်းအတိုင်း ဆန်တက်ခဲ့ကြပါတယ်။

ည (၁ဝ) နာရီလောက်မှာ ဖါးဘွဲ ကွန်ပစ်အလှည့်ကျပြီး ကျနော့ရဲ့ပုခုံးပေါ် တူမီး(နှစ်လက်) လွယ်ပြီး သူ့ရဲရှေ့ကို ကျော်သွားစဉ် ချောင်းဘေးနားခြုံကြားက အသံတစ်ခုကြားလိုက်ပါတယ်။ ခေါင်းတပ်ဓါတ်မီးအသာလေးဖွင့်ပြီး ထွန်းကြည့်တဲ့အခါ ဝက်ကဲ့သို့အကောင်တစ်ကောင်ကို တွေ့လိုက်ရပါတယ်။ ရင်ထဲက တထိတ်ထိတ်နဲ့ ကျနော်အသင့်ချိန် ရွယ်ထားတဲ့တူမီးသေနတ်နဲ့ ပစ်ထည့်လိုက်တဲ့အခါ ထိုအကောင်ငြိမ်ကျသွားတာကို တွေ့လိုက်ရပါတယ်။

သူငယ်ချင်း ဖါးဘွဲက အပြေးအလွားရောက်လာပြီး “ဘာအကောင်လဲ” ကျနော့ကိုမေးပါတယ်။ “ငါမသိဘူး၊ ဝက်လိုလို ဘာလိုဘဲ၊ ငါတသက်ဒီအကောင်ကိုမမြင်ဖူးဘူး” သူ့ကို ပြန်ပြောပါတယ်၊ တောအတွေ့အကြုံများတဲ့ ဖါးဘွဲက ထိုအကောင်ကို သေချာစစ်ဆေးလိုက်တော့ “သူငယ်ချင်းရယ်၊ ဒါကို ခွေးတူဝက်တူလိုခေါ်တယ်၊ သေချာ မှတ်ထား” ဆိုပြီးကျနော့ကို ရှင်းပြပါတယ်။ 
ကရင်နီပြည် သံလွင်မြစ်ပေါ်ရေကာတာကြောင့် သဘာဝပတ်ဝန်းကျင်များထိခိုက်စေသည်
ကရင်နီပြည် သံလွင်မြစ်ပေါ်ရေကာတာကြောင့် သဘာဝပတ်ဝန်းကျင်များထိခိုက်စေသည်
ထိုနေရာကနေတဆင့် ကျနော်တို့ရလာတဲ့ (၇)ပိဿာ ငါးနဲ့ ခွေးတူဝက်တူတစ်ကောင်ကို ထမ်းပြီး စခန်းဆီ ပြန်ဆင်းသွားခဲ့ကြပါတယ်။ ဖါးထွန်းတဲ့ သူငယ်ချင်း (၃) ယောက်ကတော့ မနက်(၇)နာရီးလောက်မှဘဲ စခန်းချတဲ့နေရာကို ပြန်ရောက်လာခဲ့ကြတယ်။ သူတို့က ဖါး(၁ဝ)ပိဿာနဲ့ တောကြောင်(၄)ကောင် ရလာခဲ့ကြပါတယ်။
ရလာတဲ့ ငါးနဲ့ အကောင်တွေကို ထင်းခြောက်မီးကောင်းကောင်းဖြင့် အခြောက်လှမ်းပြီး ခြင်းတောင်းကြီးထဲ သိမ်းဆည်းထားလိုက်တယ်။ ဖါးတွေကိုတော့ အရှည်လိုက်ခြင်းတောင်းထဲထည့်ပြီး ရေစပ်နား စိမ်ထားပါတယ်။ ထိုနေ့ နေ့လည် (၁၂)ရီအချိန် ကျနော်တို့အဖွဲ့ဟာ နန့်ပန်ချောင်းအတိုင်း စက်လှေကို စုန်ဆင်းပြီး ဝါပက်ချောင်းဝမှာ စခန်းချခဲ့ကြတယ်။
သူငယ်ချင်း အိုက်ကျော်နဲ့ စိုးရယ်ကို စခန်းစောင့်ခိုင်းပြီး ကျနော်နဲ့အတူ သူငယ်ချင်း ဖါးဘွဲနဲ့ ဂျပန်တို့က ဝါပက်ချောင်းအတိုင်း သေနတ်ကိုယ်စီကိုင်ဖြင့် ဆန်တက်သွားပါတယ်။ လမ်းမှာ သူငယ်ချင်း (၂) ယောက်က မျောက်မြီးရှည် (၂) ကောင်ရလာကြပါတယ်။ ချောင်းဖျားဖက်ရောက်ချိန်မှာ ညနေစောင်း (၄) နာရီလောက်ရှိပြီးဖြစ်တယ်။ ချောင်းဖျားဖက်မှာ ရေတဖြည်းဖြည်းနည်းလာတာ တွေ့ရပါတယ်။ ကျား၊ ကျီ၊ တောင်ဆိတ်၊ ဆတ်၊ ဝက်ဝံနဲ့ တောဝက် ခြေရာအမျိုးမျိုးကို ချောင်းခြောက်ထဲ မြင်တွေ့ရပါတယ်။  အုပ်ဆိုင်းတဲ့တောအရိပ်အောက်မှ အေးချမ်းပြီး ချောင်းထဲက ငါးကလေးတွေဟာလည်း အုပ်စုလိုက် ပြေးလွားနေခဲ့ကြတာကို ကျနော်တအံ့တသြ မြင်တွေခဲ့ရပါတယ်။
တနေရာအရောက်မှာ သူငယ်ချင်းဖါးဘွဲက “ဟေ့ ချာလီနဲ့ဂျပန်၊ ဒါ တောကျွဲခြေရာဘဲ၊ ဒီကောင်တွေ ဒီအနီး နားရှိနိုင်တယ်” လို့ ကျနော်တို့ကို ပြောပြတဲ့အခါ ကျနော်ပိုပြီး စိတ်လှုပ်ရှားလာတယ်။ ကျနော်တို့ တူမီးတွေကို ပြန်စစ်ဆေးပြီး လိုအပ်တဲ့ယမ်းတွေ၊ ကျည်ထိပ်ဖူးတွေကို ပြင်ဆင်ပြီး ချောင်းခြောက်ငယ်အတိုင်းတက်သွားတဲ့ ကျွဲခြေရာနောက်ကို တဖြည်းဖြည်းရှာခဲ့ကြပါတယ်။
ရွံ့လူးအိုင်အနံ့ရလာလေလေ စိတ်ကပိုလှုပ်ရှားလာလေလေဖြစ်နေစဉ် မမျှော်လင့်ဘဲ ကျနော့သူငယ်ချင်းဂျပန်ရဲ့ တူမီးသေနတ်သံထွက်ပေါ်လာပြီး ကုန်းပြင်လေးပေါ် တဖြည်းဖြည်းပြေးတက်သွားကြတဲ့ တောကျွဲတွေကို ကျနော်မြင်တွေ့ရပါတယ်။ ကျနော့စိတ်ထဲမှာ “ဘယ်ရွာက လွတ်ထားတဲ့ကျွဲတွေလည်း မသိဘူး၊ တကယ်လှပြီး လုံးအိနေပါလား” ဆိုပြီး ကျနော့လက်ထဲက တူမီးဟာ အသံမထွက်လာနိုင်သေးချိန်မှာ သူငယ်ချင်းဂျပန်က “ဟေ့ ချာလီ၊ ပစ်လေ၊ ဒါတောကျွဲ၊ ရွာကျွဲမဟုတ်ဘူး” လို့ ကျနော့ကို သတိပေးချိန် တောကျွဲတွေဟာ ကွယ်ပျောက်ခါနီးမှ ကျနော့တူမီးလေး အသံက ဟိန်းထွက်လာပါတယ်။

ကျနော်တို့အဖြစ်က ပြောစရာ၊ ရယ်စရာအဖြစ်တစ်ခု ဖြစ်သွားပါတယ်။ နောက်ဆုံးကျနော်က “အင်း-မထိတာလည်း ကောင်းပါတယ်၊ သိပ်လှတဲ့ တောကျွဲတွေဘဲ၊ ဘယ်ရွာကျွဲလို့တောင် အောက်မေ့တယ်ကွာ”

ထိုည ကျနော်တို့ (၃) ယောက်ဟာ မျောက်မြီးရှည် (၂) ကောင်ထမ်းလာပြီး ချောင်းအတိုင်း ဖါးထွန်းဆင်းခဲ့ကြပါတယ်။ နံနက် (၁)နာရီအချိန် စခန်းထဲပြန်ရောက်လာခဲ့ပြီး နောက်ထပ် ဖါး (၁ဝ) ပိဿာကျော်ကျော်လောက် ထပ်ရလာတယ်။ ရလာတဲ့ မျောက်မြီးရှည်(၂)ကောင်ကို အမွေးချွတ်ပြီး အားလုံးခုတ်ထစ်ဆားနယ်ကာ ဝါးဗူး(၄)ဗူးထဲထည့်ပြီး မျောက်ချီးခါးလုပ်ထားခဲ့ကြတယ်။
နောက်တမနက် ကျနော်တို့အဖွဲ့ဟာ ရလာတဲ့အသားငါးတွေကို လုံခြုံစိတ်ချတဲ့နေရမှာ ဝှက်ထားပြီး စက်လှေကို စက်နိုးပြီး နန့်ပန်းချောင်းအတိုင်း စုန်ဆင်းကာ ဟွေအွမ်၊ ဝမ်ပွိုင့်ချောင်းကို ဖြတ်ဆင်းပြီး စွပ်ပိုင်လေဆိပ်မှာ ခေတ္တရပ်နားခဲ့ကြပါတယ်။ သံလွင်နဲ့ နန့်ပန်ချောင်းဆုံဟာ အင်မတန်မှ သာယာလှပတဲ့နေရာလေးပါ။ သဲသောင်ပြင်ကနေတဆင့် မျက်စောင်းထိုးကြည့်လိုက်ရင် ရွာသစ်မြို့ကလေးကို မြင်တွေ့ရပါတယ်။ သံလွင်ရဲ့ရေစီးသံနဲ့အတူ မျှောပါလာတဲ့ နှုံးမြေတွေဟာ မြစ်ဘေးနားအတွက် သဘာဝမြေသြဇာကို ဖန်တီးပေးထားပါတယ်။

စွပ်ပိုင်မှာ သရက်ပင်တွေ၊ မန်ကျည်းပင်တွေတွေ့ရပေမယ့် မဆလ(နဝတ၊ နအဖ) စစ်ဆင်ရေးတွေကြောင့် ပျောက်ကွယ်သွားခဲ့ကြပါတယ်။ ရွာသူရွာသားတွေဟာ ရွာကို စွန့်ခွာပြီး ထိုင်းနိုင်ငံထဲကို ဒုက္ခသည်စခန်းမတည်ခင်ကတည်းက ထွက်ပြေးခိုလှုံပြီး ယခုအချိန်မှာ ထိုင်းနိုင်ငံသားတွေ ဖြစ်ကုန်ပါပြီ။ စွပ်ပိုက်ကဲ့သို့ အခြားသံလွင်ဘေးကရွာတွေဟာ ၁၉၇၄ ဖြတ်လေးဖြတ်ကြောင့် ပျောက်ကွယ်သွားပါတယ်။ ထိုအထဲမှာ သာယာရွာလည်း ပါဝင်ပါတယ်။

ကျနော်တို့အဖွဲ့ဟာ သာယာရွာဟောင်းဖက်ကို စက်လှေနဲ့ ဆင်းသွားပြီး စခန်းချခဲ့ကြတယ်။ သာယာရွာ တည်ရှိ ခဲ့တဲ့နေရာဟာ အင်မတန်မှသာယာပါတယ်။ အကယ်၍ တိုင်းပြည်အခြေအနေကောင်းမယ်ဆိုရင် ရွာတည်ဖို့ နေရာအလွန်ကောင်းတဲ့အပြင် လုပ်ကိုင်စားသောက်ဖို့ အချက်အခြာဖြစ်လာမယ့် နေရာဖြစ်လာနိုင်ပါတယ်။ သာယာကနေတဆင့် မယ်စဲ့နန်၊ မယ်စဲ့ဖက်ကို ကားလမ်းပေါက်ပါတယ်။

သာယာအကြောင်းကို တစေ့တစောင်းသိထားသူ သူငယ်ချင်းအိုက်ကျော်က “ ငါ့အဖိုးအဖွားတုန်းက ဒီမှာဘဲ နေထိုင်ခဲ့ကြတယ်၊ အရင်တုန်းက သာယာဟာရွာအကြီးကြီးဘဲ” လို့ သူကစပြီးပြောတော့ ကျနော်က “အင်း ကျနော်ဖတ်ဖူးတယ်။ အရင်တုန်းက ကျနော်တို့ အရှေ့ကရင်နီစောဖျာ ဖေါဖေါ်ကြီး လက်ထက်တုန်းက သူနဲ့ ချင်းမိုင် ဘုရင်တို့ဟာ ဒီသာယာမှာ ကျွဲကြီးတစ်ကောင်သတ်ပြီး ကျွဲသွေးကို အရက်နဲ့ရော သစ္စာဆိုပြီး သောက် ခဲ့ကြတယ်” လို့ဆိုလိုက်တယ်။
ဂျပန်က “အင်းငါလည်း ကြားဖူးတယ်၊ ဘာလဲဆိုတော့ သူတို့ ကျွဲချိုတစ်ယောက်တစ်ဖက်ယူပြီး သစ္စာဆိုထားကြတယ်၊ ဟုတ်လားချာလီ” ဟု ကျနော့ကိုမေးတယ်။
ကျနော်က “ဟုတ်တယ် အဲဒီသစ္စာဆိုတာမင်းတို့သိလား” လို့မေးတော့ ဂျပန်က “ကျွဲချိုမဖြောင့်မချင်း၊ ဆင်ဖြူ ဂူမပြိုမချင်း ၊သံလွင်မြစ်မခန်းမချင်း၊ ကရင်နီပြည်နဲ့ ချင်းမိုင်ပြည် ထာဝရမိတ်ဆွေဖြစ်ရမယ်”

ကျနော်က “အင်းဟုတ်တယ်၊ အဲဒီတုန်းက စောဖျာဖေါဖေါ်ကြီးဟာ ဘောလခဲဖက်မှာ ထီးနန်းတည်ပြီး အရှေ့ကရင်နီကို အုပ်ချုပ်နေတဲ့အချိန်ပေါ့၊ ဒါဆိုရင် ဆင်ဖြူဂူက သူတို့ဘယ်ဂူကိုပြောတာလဲ” လို့ မေးလိုက်တော့ အိုက်ကျော်က “ ကျနော့သူငယ်ချင်း ယင်းတလဲ တချို့ပြောတာက ဆင်ဖြူဂူဆိုတာ ဝမ်အောင်း ရွာရဲ့မျက်နှာချင်းဆိုင်ဂူမှာရှိတယ်တဲ့၊ လပြည့်လကွယ် အချိန်တန်လို့ရှိရင် ဆင်ပြန်လာသံကြားရတယ်တဲ့” လို့ သူကပြောပြပါတယ်။
ဘယ်လိုဘဲဖြစ်ဖြစ်ကျနော်တို့အဖွဲ့ဟာ သာယာရာဇဝင်သမိုင်းအကြောင်းကို ပြောဆိုဆွေးနွေးရင်း တဖြည်းဖြည်းအမှောင်ထု ဖုံးလွမ်းလာပါတယ်။ ခေါင်းတပ်ဓါတ်မီး၊ ဆလိုက်မီးတွေကို ပြင်ဆင်တပ်ဆင်ပြီး သူငယ်ချင်း အိုက်ကျော်က  တဖြည်းဖြည်းစက်လှေကို စွပ်ပိုင်ဖက်ကို မောင်းနှင်ပေးပြီး သံလွင်ဘေးက တောကောင်တွေကို ထွန်းလာပါတယ်။
သာယာကနေ စွပ်ပိုင်အထိ သံလွင်ဘေးတောကောင်ထွန်းလာတာ ဆတ်(၁)ကောင် ရလာခဲ့တယ်။ စွပ်ပိုင်အရောက်မှာ သူငယ်ချင်း စိုးရယ်နဲ့ ဖါးဘွဲတို့က ဆတ်ကိုကိုင်ပြီး အခြောက်လှန်းနေစဉ် ကျနော်၊ အိုက်ကျော်နဲ့ ဂျပန်တို့ (၂)ယောက်ဟာ စက်လှေဖြင့် သံလွင်ဘေးတောကောင် ဆက်ထွန်းပြီး ကျောက်ကျဉ်းအထိ ထွန်းတက်ပါတယ်။ ကျနော်တို့ ကျောက်ကျဉ်းအနီးမှာ ဂျီ (၁)ကောင် ထပ်ရပါတယ်။ သူငယ်ချင်းအိုက်ကျော်ရဲ့ ကျွမ်းကျင်မှုကြောင့် ထိုညမှာဘဲ သဲသောင်မှာ ဥတဲ့ ကမ္ဘာလိပ်ကြီး (၃)ကောင်ကို ထပ်ရလာပါတယ်။ ကျနော်တို့လှေကို ပြန်ခေါက်ပြီး နံနက် (၃) နာရီလောက်တွင် စွပ်ပိုင်ကို ပြန်ရောက်လာခဲ့တော့တယ်။
၅ ရက်အတွင်း ကျနော်တို့အဖွဲ့ရဲ့တောလိုက်တဲ့ အတွေ့အကြုံနဲ့ရလာတဲ့ အကောင်တွေ အစားအသောက်တွေဟာ မိမိတို့မိသားစုအတွက်သာမက အဲဒီတုန်းက ဝင်ငွေအဖြစ်တောင် ရောင်းချနိုင်ခဲ့ကြသေးတယ်။ အဲဒီတုန်းက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ သစ်တောထိန်းသိမ်းဖို့ ဗဟုသုတဆိုတာ လုံးဝမရှိခဲ့ကြပါဘူး။ တစ်ရက်လုပ်တစ်ရက်စားနဲ့ အသက်ရှင်နိုင်ဖို့အတွက် တောင်ယာလုပ်ငန်း၊ အငှါးလိုက်လုပ်ငန်း၊ တောလိုက်အမဲပစ်လုပ်ငန်းနဲ့ ဖါးရှာ ငါးရှာလုပ်ငန်းတို့ဖြင့် မိသားစုဘဝအတွက် ရုန်းကန်လှုပ်ရှားလာခဲ့ကြသူတွေ ဖြစ်ပါတယ်။

ယခုအခါ အစစအရာရာပြောင်းလဲကုန်ပါပြီ။ ကျနော်တို့ဘဝဟာ ပြည်တွင်းစစ်မီးအရှိန်အဟုန်ကြောင့် ဒုက္ခသည် ဘဝရောက်သူရောက်၊ တတိယနိုင်ငံဆီရောက်သူရောက် ဖြစ်ကုန်ပါပြီ။ ကျနော်တို့အဖွဲ့ဟာ ယခုအချိန်မှာ တကွဲတပြားဖြစ်ကုန်ပြီး ကျနော်တို့နေထိုင်လာခဲ့တဲ့ ရွာလေးဟာလည်း ၁၉၈၉ ခုနှစ် နဝတရဲ့ စစ်ဆင်ရေးကြောင့် ပျောက်ကွယ်သွားပါပြီ။

ထိုအချိန်ကာလနဲ့ အခုအချိန်ကာလကို ချိန်ထိုးနှိုင်းယှဉ်ကြည့်ရင် ယခုအခါ ကမ္ဘာမြေကြီးဟာလည်း သစ်တောပြုန်းတီးမှု၊ သဘာဝပတ်ဝန်းကျင်ပျက်စီးမှု၊ ရေနံနဲ့ဓါတ်ငွေ့ အလုအယက် ထုတ်လုပ်မှုနဲ့ မြစ်ချောင်းများကို ဆည်ပိတ်ဆို့ပြီးလူသားတွေအတွက် လိုအပ်နေတဲ့ စွမ်းရည်လောင်စာ ထုတ်လုပ်မှုတွေကြောင့် ယနေ့ မိမိတို့လူသားတွေနေထိုင်လာခဲ့ကြတဲ့ ဒီကမ္ဘာမြေကြီးဟာ ပူနွေးလာပြီး အချိန်အခါမဟုတ် နေပူခြင်း၊ အချိန်ခါမဟုတ် မိုးရွာခြင်း၊ အအေးလွန်ကဲခြင်း၊ အပူလွန်ကဲခြင်းစတဲ့ ရာသီဥတု ဖေါက်ပြန်မှုနဲ့ သဘာဝဘေးဒဏ်ပြဿနာများ မကြာခဏ တွေ့ကြုံခံစားလာနေကြရပါတယ်။

ဒါတွေဖြစ်လာတာဟာ ကျနော်တို့လူသားတို့ရဲ့ သဘာဝသယံဇာတ အလွန်အကျွံထုတ်ယူဖျက်ဆီးမှုအပေါ် အဓိကမူတည်နေကြောင်း သိပ္ပံပညာရှင်များက ထောက်ပြထားပါတယ်။ ဒါပေမယ့် လူသားတွေဟာ မိမိတို့ရဲ့လိုအပ်ချက်နဲ့ လောဘရမ္မက်တွေကို မထိန်းချုပ်နိုင်ဘဲ သဘာဝအရင်းအမြစ်တွေကို မဆင်မခြင် ဆက်လက် ဖျက်ဆီးနေကြတုန်းပါဘဲ။
သဘာဝ(သို့မဟုတ်) ဘုရားသခင်က ဖန်ဆင်းပေးထားတဲ့ စားသောက်ဖွယ်ရာ သဘာဝတောကောင်တွေ၊ သဘာဝသီးနှံတွေ၊ သဘာဝရှုခင်းတွေ၊ တောတောင်ရေမြေတွေ၊ မြစ်ချောင်းတွေဟာ ကျနော်တို့ လူသားတွေအတွက် ထာဝစဉ်တည်ရှိနိုင်ဖို့အတွက် မပျက်မစီးအောင်၊ မျိုးသုဉ်းမပျောက်ကွယ်အောင် ထိန်းသိမ်းကာကွယ်ဖို့ လူသားတိုင်းရဲ့ တာဝန်ဖြစ်ပါတယ်။
ကမ္ဘာရဲ့အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ ကျနော်တို့ကရင်နီနယ်အတွင်း ပေါများလှတဲ့ သားငါး တိရစ္ဆာန်၊ သဘာဝမြေဆီလွှာနဲ့ ထူပြောလှတဲ့ သဘာဝသစ်တောတွေကို ယနေ့ထူးကုမ္မဏီကဲ့သို့ မှိုလိုပေါက်ကုမ္မဏီတွေ၊ ရွာသစ်ရေကာတာတည်ဆောက်တဲ့ ဒါတန်းကုမ္မဏီကဲ့သို့ တရုတ်တွေက ခြိမ်းခြောက်လာနေပါပြီ။ ကျနော်တို့တောလည်ခဲ့တဲ့ သံလွင်ဘေးကျောက်ကျဉ်းနေရာမှာ ဧရာမရေကာတာကြီးတစ်ခုကို တည်ဆောက်နိုင်ဖို့ တရုတ်နဲ့ဗမာအစိုးရတို့က ကြိုးပမ်းနေကြပါတယ်။
ဒီရေကာတာကြီးကနေ ထွက်လာတဲ့ လျှပ်စစ်မီးကို ဗမာပြည် ပြည်သူလူထုအတွက်မဟုတ်ဘဲ နိုင်ငံခြားဝင်ငွေရရှိဖို့အတွက် အိမ်နီးနားချင်းတရုတ်နဲ့ ထိုင်းနိုင်ငံကို ရောင်းချသွားမှာဖြစ်ပါတယ်။
ခရစ်သက္ကရာဇ် ၁၈ဝ၉ ခုနှစ် သံလွင်မြစ်ကမ်းနဖူး သာယာရွာမှာ “ကျွဲချိုမဖြောင့်မချင်း၊ သံလွင်မြစ် မခန်းမချင်း၊ ဆင်ဖြူဂူမပြိုမချင်း ၊ထာဝရမိတ်ဆွေကောင်း ဖြစ်ရမယ်” အပြန်အလှန်သစ္စာဆိုပြီး သမိုင်းဝင် စာချုပ်ချုပ်ထားခဲ့ကြတဲ့ ဘိုးဖိုးဒူ(ခေါ်) စောဖျာဖေါဖေါ်ကြီးနဲ့ ထိုင်းနိုင်ငံဇင်းမယ်ဘုရင်တို့ကို ပြန်လည်သတိရအောက်မေ့ပြီး လူမှာဂတိ၊ မင်းမှာသစ္စာဆိုတဲ့အတိုင်း ကျနော့အတွေးထဲမှာ “ဘာကြောင့် လူသားတွေဟာ တစ်ဦးအပေါ်တစ်ဦး သစ္စာမရှိ၊ ဂတိမတည်တာလဲ” ပြီးတော့ “ဘာကြောင့် အင်အားကြီးသူက အင်အားနည်းသူအပေါ် အနိုင်ကျင့်၊ ဂုတ် သွေးစုပ်အမြတ်ထုတ်ပြီး လူလည်လုပ်ချင်တာလဲ” စတဲ့ မေးခွန်းက ပေါ်လာပါတယ်။
ကျနော့ရဲ့နောက်ဆုံး ထွက်ပေါ်လာတဲ့ အတွေးထဲက အဖြေတစ်ခုကတော့ “မိမိတို့ရဲ့ဘိုးဘွားပိုင် အမွှေအနှစ်၊ သဘာဝအရင်းအမြစ်၊ လူမျိုးနဲ့သမိုင်းရာဇဝင် မပျောက်ပျက်အောင် တတ်နိုင်တဲ့ဖက်ကနေ ဝိုင်းဝန်းထိန်းသိမ်းသွားကြဖို့ အရေးကြီးလိုအပ်နေကြောင်း” ဆိုတာပါဘဲ။